မြေပြိုမှုသတင်းကြောင့် ပုပ္ပါးတောင်ကလပ်ကို ဘုရားဖူး အလာနည်းပါးသွား
DVB
·
October 25, 2017
မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပါးတောင်ကလပ်အနီး မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ မြေပြိုမှုသတင်းတွေကြောင့် ဘုရားဖူးပြည်သူတွေ အလာနည်းသွားပြီး ဈေးဆိုင်ရှင်တွေ အခက်အခဲတွေ့နေပါတယ်။
ပုပ္ပါးတောင်ကလပ်မှာ မြေပြိုလို့ တောင်တွေ တိမ်းစောင်းသွားပြီး မြေပြိုတာဟာ ပုပ္ပါးမီးတောင်ကြောင့် ဖြစ်တယ်ဆိုပြီး ပြောဆို ရေးသားနေတာတွေဟာ ကောလာဟလ သတင်းတွေသာဖြစ်ပြီး အခုလို မြေပြိုမှုဟာ ပုံမှန်မိုးရွာသွန်းမှုကြောင့်သာ ဖြစ်တယ်လို့ ဒေသခံ ဦးကျော်ဝင်းက ပြောပါတယ်။
လတ်တလော ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်တွေမှာ ပျံ့နှံ့နေတဲ့ သတင်းတွေဟာ ကောလာဟလတွေဖြစ်ပြီး ခုလို မြေပြိုမှုတွေ အရင်နှစ် မိုးများချိန်တုန်းကလည်း ဖြစ်ခဲ့ဖူးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြေပြိုတဲ့ ကားလမ်းပေါ်ကို လတ်တလော ခရီးသွားကားတွေ ဝင်ရောက်တာကိုတော့ တားမြစ်ထားပြီး ဆိုင်ကယ်တွေတော့ ဖြတ်သန်းသွားလာနေကြပါတယ်။