A d v e r t i s e m e n t With Us

ခွင့်မတောင်းဘဲလက်ထပ်သည့် သမီးကြောင့် ဖခင်ဖြစ်သူ ကိုယ့်ကိုယ်ကိုယ်သတ်သေ (ရုပ်သံ)

ဓာတ်ပုံ - စီအီးအန်
ခွင့်မတောင်းဘဲ လက်ထပ်ခဲ့တဲ့ သမီးဖြစ်သူကြောင့် ကိုယ့်ကိုယ်ကိုယ် သေနတ်နဲ့ပစ်သတ်ခဲ့တဲ့ ဖခင်ဖြစ်သူရဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ လတ်တလော အင်တာနက် စာမျက်နှာတွေပေါ် ပျံ့နှံ့နေပါတယ်။ ဒီအဖြစ်အပျက်ဟာ တူရကီနိုင်ငံမှာ ဖြစ်ခဲ့ပြီး အသက် ၅၄ နှစ်အရွယ် အိုင်ဟန့်နူဇွန် အမည်ရတဲ့ အဲဒီအမျိုးသားဟာ သူ့ရဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာပေါ်မှတဆင့် သေကြောင်းကြံစည်မှုကို တိုက်ရိုက်ထုတ်လွှင့်ပြခဲ့ချိန်မှာ ကြည့်ရှုကြသူတွေဟာ ထိတ်လန့်ခဲ့ကြပါတယ်။ “ဂွတ်ဒ်ဘိုင်။ ကျနော်သွားတော့မယ်။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ကြပါ” လို့ နောက်ဆုံး စကား ၃ ခွန်း ပြောပြီးနောက်မှာ ဦးခေါင်းကို သေနတ်နဲ့ချိန်ပြီး ပစ်ခဲ့ကာ ကြမ်းပြင်ပေါ် လဲပြိုကျသွားခဲ့တာ ဖြစ်ပါတယ်။ သူဟာ ဖေ့စ်ဘွတ်ခ်ပေါ်မှာ ဘာကြောင့်ခုလိုလုပ်ရသလဲဆိုတဲ့ အကြောင်းရင်းကို ရေးတင်ခဲ့ပြီးနောက်မှာ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်ခဲ့တာလို့ မေရာသတင်းမှာ အောက်တိုဘာ ၂၄ ရက်နေ့က ဖော်ပြပါတယ်။ “ခုညမှာ ကျနော် တိုက်ရိုက် လိုက်ဖ်လွှင့်မယ်။ ဒါ ကျနော့်ဆန္ဒပါပဲ။ ကျနော့်ရဲ့ အသုဘအခမ်းအနားကို ဘယ်သူ့ကိုမှ မတက်ရောက်စေချင်ပါဘူး” လို့ သူက ရေးထားခဲ့တာပါ။ အူဇွန်ဟာ အိမ်မှာ တယောက်တည်း အထီးကျန်ဖြတ်သန်းနေရတာဖြစ်ပြီး သမီးဖြစ်သူရဲ့ စေ့စပ်မင်္ဂလာသတင်းကို တယ်လီဖုန်းမှတဆင့် လက်ခံကြားသိခဲ့ရတယ်လို့ ဆိုပါတယ်။ “ကျနော့်သမီးရဲ့ အပျော်ဆုံးနေ့ (သူ့ရဲ့စေ့စပ်ပွဲ) မှာ သူတို့က ကျနော့်ကို ခေါ်ကြတယ်လေ။ အဖေ၊ လာစားပါပေါ့။ ဘယ်သူမှ ကျနော့်ကို မမေးခဲ့ကြသလို လူတယောက်လို မဆက်ဆံခဲ့ကြဘူး။ ကျနော့်နေရာကို ယောက္ခမကယူထားပြီး သမီးကို လက်ထပ်ခွင့် ပြုပေးခဲ့တာ။ ဘယ်သူကမှ သမီးရဲ့အဖေ သက်ရှိထင်ရှားရှိနေတာ မပြောခဲ့ကြဘူး။ မိန်းမကလည်း ဖုန်းဆက်ပြောခဲ့ပေမယ့် ဘာကြောင့် ကျနော့်ဆီလာမပြောရသလဲဆိုတာ မေးခဲ့မိတယ်။ သိပ်မကြာခင်မှာ ကျနော့်လက်ထဲ ကိုင်ထားတဲ့ သေနတ်နဲ့ ဘဝကို အဆုံးသတ်တော့မှာပါ။” သူ လိုက်ဖ်လွှင့်နေချိန်အတွင်း ဆွေမျိုးတွေ၊ မိတ်ဆွေတွေက ခုလိုမလုပ်ဖို့ တောင်းပန် တားဆီးခဲ့ကြပေမယ့် အူဇွန်ကတော့ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့တာပါ။ အဲဒီနောက်မှာတော့ မိသားစုဝင်တွေက အိမ်ကို အမြန်ဆုံး လာရောက်ခဲ့ကြပြီး သူ့ရဲ့အလောင်းကို ရှာဖွေခဲ့ကြတာပါ။ လက်ရှိမှာတော့ အူဇွန်ရဲ့ ရုပ်အလောင်းကို ဆေးရုံပို့ဆောင်ပြီး လိုအပ်တဲ့ ဆေးစစ်ချက်အဖြေတွေ ရနိုင်ဖို့ ဆောင်ရွက်နေကာ ရဲတွေကတော့ ဘာကြောင့်ဖြစ်ရတယ်ဆိုတဲ့ အကြောင်းရင်းကို စုံစမ်းရှာဖွေနေကြတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

A d v e r t i s e m e n t With Us

More News
Up