ရှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ် ကျေးရွာအုပ်စု ၈ ခုမှ မဲရုံများ ရွှေ့ပြောင်းရ
နန်းမြနဒီ
·
April 1, 2012
ရှမ်းပြည်မြောက်ပိုင်း မဲဆန္ဒနယ်မြေအမှတ် ၃ ထဲမှာ ပါဝင်တဲ့ တန့်ယန့်မြို့နယ်ထဲက မဲရုံတွေရွှေ့ပြောင်းရတဲ့အတွက် ကျေးရွာအုပ်စုပေါင်း ၈ ခုက ဒေသခံတွေဟာ ၈ မိုင်လောက်ဝေးတဲ့ မဲရုံကို လာပြီး မဲပေးရမှာဖြစ်ပါတယ်။ ဒါကြောင့် အဲဒီဒေသက ကျားဖြူပါတီအနေနဲ့ ဆန္ဒမဲ ၃၀ ရာခိုင်နှုန်းလောက် လျော့ကျသွားမယ်လို့ ဒေသတွင်းစည်းရုံးရေးဆင်းခဲ့သူ တန့်ယန်းကျားဖြူပါတီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် စိုင်းထွန်းထွန်းဝင်းက ပြောပါတယ်။
“အခုအချိန်ထိတော့ အားလုံးကောင်းပါတယ်။”
မဲရုံတွေ ပိတ်မယ်လို့ သတင်းကြားတာတွေကရော။
“မဲရုံပိတ်တာတော့ မရှိဘူး။ ကျနော်တို့ နေရာရွှေ့တာပဲ နည်းနည်းပါးပါး ရှိပါတယ်။”
နေရာရွှေ့တာ ဘယ်ဒေသတွေမှာပါလဲ။
“ကျနော်တို့ တော်တော်လေး မြို့နဲ့အလှမ်းဝေးတဲ့ တန့်ယန့်မြို့နယ်ရဲ့ အရှေ့တောင်ဘက်မှာရယ်၊ နောက်ပြီးတော့ တောင်ဘက်လောက် နေရာကျတဲ့ နေရာတွေမှာပါ။”
ရွာဘယ်နှစ်ရွာလောက် ရှိလဲ။
“ကျေးရွာအုပ်စုကတော့ ၈ အုပ်စုပေါ့။ မဲရုံကတော့ ၂ နေရာပါ။ တောင်ဟျိုးမှာ ၄ အုပ်စု လာထည့်ရတယ်။ နောက်ပြီးတော့ ၀မ့်လွယ် ၄ အုပ်စု လာထည့်ရတယ် အဲဒီ ၂ နေရာပါ။ အခြေစိုက်တဲ့ ရွာကတော့ တောင်ဟျိုးကျေးရွာမှာ အခြေစိုက်တယ် ရွေ့တဲ့ရွာကတော့ ကောင်းလန်း၊ ဝမ့်ပုန်း၊ ပြီးတော့ နမ့်လပ်၊ အဲဒီ အုပ်စု ၃ ခုက တောင်ဟျိုးမှာ လာပြီးတော့ မဲထည့်ကြရပါတယ်။ တော်တော်လေး အလှမ်းဝေးပါတယ်။ ကာလမ်း မပေါက်ဘူး။ ဆိုင်ကယ်လမ်းလောက်ပဲ ရှိပါတယ်။ ဆိုင်ကယ် ရှိတဲ့လူကလည်း နည်းနည်းပါးပါးပါ။ အသက်ကြီးတဲ့ လူကြီးပိုင်းတွေ သူတို့ မသွားနိုင်ပါဘူး။ ခရီးက အနည်းဆုံး ၈ မိုင်လောက် ရှိပါတယ်။ နောက်တခု ထည့်တာကတော့ နမ့်ဆဲန်တောင်ထူအုပ်စု၊ ၀မ်ကောင်းဟိုင အုပ်စု၊ နောက်ပြီး အုံတုံ အဲဒီ ၄ ရွာမှာ ၀မ့်လွယ်မှာ လာပြီးတော့ မဲပေးဖို့ ကျနော်တို့ လုပ်ထားပါတယ်။ ဒါပေမယ့် ၀မ့်လွယ်က မိုင်းရှုးမြို့နယ်ထဲမှာ ပါထားတယ် ဆိုတဲ့အတွက် မိုင်းရှုးက ကန့်ကွက်ထားတယ်လို့ ကျနော်ကို မြို့နယ်ကော်မရှင် ဥက္ကဋ္ဌက ပြောပြပါတယ်။ ဒါပေမဲ့ မဲရုံထောင်ဖြစ်အောင်တော့ ထောင်နေပါတယ် အခု။”
တန့်ယန်းမြို့နယ်ထဲက အဆိုပါ ကျေးရွာအုပ်စုတွေဟာ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း ထိန်းချုပ်နယ်မြေထဲမှာ ရှိနေတဲ့အတွက် တကယ်လို့ မဲရုံကိစ္စနဲ့ အစိုးရတပ်တွေ သူတို့နယ်မြေထဲရောက်လာရင် မလိုလားအပ်တဲ့ တိုက်ပွဲတွေ ဖြစ်မှာစိုးတယ်လို့ ရှမ်းပြည်တပ်မတော်မြောက်ပိုင်းက ရွေးကောက်ပွဲမတိုင်ခင် ၂ ရက် အလိုက ပြောထားတဲ့အတွက် ခုလို မဲရုံရွေ့ပြောင်းခဲ့ရတာလို့ ကျားဖြူပါတီ ကိုယ်စားလှယ်က ပြောပါတယ်။