မိကျောင်းကိုက်စားမည့်ဘေးမှ လွတ်မြောက်အောင် ပြေးနိုင်ခဲ့သည့် အံ့ဖွယ် အာဖရိကတောဆိတ် (ရုပ်သံ)

တိရစ္ဆာန်တွေရဲ့ကမ္ဘာမှာ အင်အားကြီးသူကသာ အနိုင်ရစမြဲဖြစ်ပေမယ့် တခါတရံမှာ ထင်မှတ်မထားတဲ့ အချိုးအကွေ့တွေလည်း ကြုံတွေ့ရတတ်ပါတယ်။ ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ဆာလောင်နေတဲ့ မိကျောင်းတကောင်ရဲ့ အလိုက်ခံရပြီး ထွက်ပြေးလွတ်မြောက်ခဲ့တဲ့ အာဖရိက တောဆိတ်တကောင်ရဲ့ စွမ်းရည်ကို တွေ့ကြရမှာပါ။ လက်တင်ဘာသာနဲ့ Kobus ellipsiprymnus လို့ အမည်ရတဲ့ ဒီတောဆိတ်ဟာ သမင်တကောင်နဲ့လည်း ပုံစံတူကာ သန်မာပြီး အပြေးမြန်တဲ့ သတ္တဝါအမျိုးအစား ဖြစ်ပါတယ်။ ဒီအဖြစ်အပျက်ဟာ တောင်အာဖရိကနိုင်ငံ၊ စိန့်လူစီအမည်ရတဲ့ ကန်အတွင်းမှာ ဖြစ်ခဲ့တာဖြစ်ပြီး အခုတဖန် အွန်လိုင်း လူမှုကွန်ရက်စာမျက်နှာတွေမှာ ပြန်လည်ရေပန်းစားလာတာပါ။ ရေထဲက ကမ်းတဖက်ကို ကူးသွားနေခဲ့တဲ့ တောဆိတ်ရဲ့နောက်က မိကျောင်းဟာ သစ်တုံးတတုံးလို လိုက်လာခဲ့တာကို အဲဒီကန်အတွင်း လာရောက်လည်ပတ်ကြတဲ့ ကမ္ဘာလှည့်ခရီးသည် အုပ်စုတစုက လှေပေါ်ကနေ မျက်မြင်ကြုံတွေ့ပြီး အံ့သြတကြီး စောင့်ကြည့်နေခဲ့ကြတာပါ။ အဲဒီအချိန်မှာတော့ တောဆိတ်ဟာ မိကျောင်းကို သတိထားမိသေးပုံ မပေါ်ဘဲ ပုံမှန်အတိုင်းသာ ကူးခပ်နေခဲ့တာကို တွေ့ရပါတယ်။ ဘယ်လိုများ ဆက်ဖြစ်လာလိမ့်မလဲဆိုတဲ့ စိုးထိတ်စိတ်နဲ့ စောင့်ကြည့်နေခဲ့ကြချိန်မှာပဲ တောဆိတ်ဟာ ကမ်းစပ်အနီးကို ရောက်သွားခဲ့တာပါ။ အဲဒီအချိန်မှာပဲ မိကျောင်းကလည်း သူ့ရဲ့နောက်နား ကပ်လျက်သား ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် လက်မတင်ကလေးဘဲ တောဆိတ်ဟာ ကမ်းပေါ်ကို ခုန်တက်နိုင်ခဲ့တာမို့ မိကျောင်းက ဆွဲဟပ်လိုက်ပေမယ့် မမိခဲ့ဘဲ လွတ်မြောက်သွားခဲ့ချိန်မှာ ခရီးသည်တွေ အံ့သြဝမ်းသာပြီး အော်ဟစ်လိုက်ကြသံတွေကို ကြားလိုက်ရပါတယ်။

More News
Up