Homeမြန်မာသတင်း
မြန်မာ-ဘင်္ဂလာဒေ့ရှ် နှစ်နိုင်ငံလုံခြုံရေးနှင့် နယ်စပ်ဆက်ဆံရေးရုံးများထူထောင်ရန် လက်မှတ်ရေးထိုး
မြန်မာ-ဘင်္ဂလာဒေ့ရှ် နှစ်နိုင်ငံလုံခြုံရေးနှင့် နယ်စပ်ဆက်ဆံရေးရုံးများထူထောင်ရန် လက်မှတ်ရေးထိုး
အောင်ကိုကိုလတ် (နေပြည်တော်)
·
October 25, 2017
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ လုံခြုံရေးကဏ္ဍပူးပေါင်းဆောင်ရွက်ရေးနဲ့ နယ်စပ်ဆက်ဆံရေးရုံးတွေ ထူထောင်ဖို့ နားလည်မှု စာချွန်လွှာ ၂ စောင် လက်မှတ်ရေးထိုး လိုက်ပါတယ်။
နှစ်နိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန၊ ဝန်ကြီးအဆင့် အစည်းအဝေးကို နေပြည်တော် ပြည်ထဲရေးဝန်ကြီးဌာနမှာ အောက်တိုဘာ ၂၄ရက် ညနေ ၄ နာရီအချိန်က ကျင်းပပြီးနောက် လက်မှတ်ရေးထိုးလိုက်တာဖြစ်ပါတယ်။
အစည်းအဝေးကို မြန်မာပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ကျော်ဆွေနဲ့ စစ်ဦးစီးချုပ် အရာရှိချုပ် (ကြည်း)၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ပြီး ဘင်္ဂလာဒေ့ရှ်နိုင်ငံဘက်မှလည်း ပြည်ထဲရေးဝန်ကြီး အဆာဒူဇာမန်းခန်းနဲ့ အမြဲတမ်းအတွင်းဝန်တွေ၊ ရဲချုပ်နဲ့ နယ်ခြားစောင့်တပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ်တို့ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။
အစည်းအဝေးမှာ နှစ်နိုင်ငံနယ်စပ်တရားဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ နယ်စပ်ဆက်ဆံရေးရုံးတွေ ထူထောင်ဖွင့်လှစ်ရေး၊ တရားမဝင်နယ်စပ်ဖြတ်ကျော်မှုနဲ့ လူဝင်/လူထွက်တွေ စိစစ်ရေး၊ နိုင်ငံသားစိစစ်လက်ခံမှုရေး၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံရောက်နေသူများအား နိုင်ငံသား စိစစ်ပြီး လုပ်ထုံးလုပ်နည်းနဲ့အညီ စနစ်တကျပြန်လည်လက်ခံနိုင်ရေးတို့ ဆွေးနွေးခဲ့ကြပြီး နှစ်နိုင်ငံ သဘောတူညီချက် ၁၀ ချက်ကို အတည်ပြုခဲ့ကြပါတယ်။