A d v e r t i s e m e n t With Us

မြောက်ကိုရီးယားအရေး ဖြေရှင်းရန် အခြားနိုင်ငံများနှင့် ပူးတွဲလုပ်ဆောင်ဖို့လိုဟု အမေရိကန်ကို စင်ကာပူ တိုက်တွန်း

ဓာတ်ပုံ - ရိုက်တာ
မြောက်ကိုရီးယား အကျပ်အတည်းကို ဖြေရှင်းဖို့ အမေရိကန်ဟာ တခြားနိုင်ငံတွေနဲ့ အတူတွဲလုပ်ဆောင်ဖို့ လိုတယ်လို့ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက ပြောလိုက်ပါတယ်။ မြောက်ကိုရီးယားရဲ့ နျူကလီးယား အစီအစဉ်အပေါ် ဖိအားပေးဖို့ အမေရိကန်ရဲ့ အားထုတ်မှုတွေကို စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက အောက်တိုဘာ ၂၃ ရက်နေ့မှာ အကျဉ်းချုံး ဖော်ပြ ပြောဆိုပါတယ်။ အဲဒီနောက် ဒီပဋိပက္ခကို ဖြေရှင်းရာမှာ ကူညီဖို့ ဆွေးနွေးပွဲ နည်းလမ်းတွေကို အမေရိကန်ခေါင်းဆောင်က သုံးဖို့လည်း အကြံပြုပါတယ်။ ဖိအားကလည်း လိုအပ်လိမ့်မယ်၊ ဒါပေမယ့် ညှိနှိုင်းဆွေးနွေးမှုလည်း လိုတယ်လို့ လီက ထရမ့်ကို အိမ်ဖြူတော်မှာ ပြောပါတယ်။ အမေရိကန် လေယာဉ်ထုတ်လုပ်မှုကုမ္ပဏီ ဘိုးရင်းနဲ့ စင်ကာပူ လေကြောင်းလိုင်းတို့ကြား အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၈ ဘီလျံတန် လေယာဉ်အရောင်းအဝယ်စာချုပ် ချုပ်ဆိုပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ စင်ကာပူဝန်ကြီးချုပ်က ခုလို ပြောလိုက်တာပါ။ အမေရိကန်ဟာ ဒီအရေးကို ဖြေရှင်းဖို့ တရုတ်၊ တောင်ကိုရီးယား၊ ဂျပန်၊ ရုရှားတို့နဲ့အတူ လက်တွဲလုပ်ဆောင်ဖို့ လိုအပ်လိမ့်မယ်လို့လည်း လီရှန်လွန်းက ပြောပါတယ်။ တရုတ်နဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးကို တည်ဆောက်ဖို့လည်း လီက ထရမ့်ကို တိုက်တွန်းပါတယ်။ စင်ကာပူနဲ့ တခြား ဒေသတွင်းနိုင်ငံတွေက တရုတ်နဲ့ အမေရိကန် ဆက်ဆံရေးကို အင်မတန် နီးနီးကပ်ကပ် စောင့်ကြည့်နေတယ်၊ ဒါဟာ ကမ္ဘာ့အရေးကြီးဆုံး အပြန်အလှန် ဆက်ဆံရေးအဖြစ် ရှုမြင်တယ်လို့လည်း သူက ဆက်ပြောပါတယ်။ တရုတ်ဟာ ကုန်စည်နဲ့ ဝန်ဆောင်မှု ၂ ခုလုံးအတွက် အမေရိကန်ရဲ့ တတိယအကြီးဆုံး ပြည်ပတင်ပို့ကုန် ဈေးကွက်ပါ။ အမေရိကန်နဲ့ တရုတ်ကြား ကောင်းမွန်တဲ့ ဆက်ဆံရေးဟာ ဒေသတွင်းနဲ့ တကမ္ဘာလုံးကို အကျိုးဖြစ်ထွန်းစေလိမ့်မယ်လို့လည်း စင်ကာပူဝန်ကြီးချုပ်က ပြောပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ လာမယ့်သီတင်းပတ်တွေမှာ သူ့ရဲ့ အာရှဒေသ ပထမဆုံး ခရီးစဉ်အတွင်း တရုတ်နိုင်ငံကို သွားရောက်လည်ပတ်ဖို့ စီစဉ်ထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up