လူငယ်တိုက်စစ်မှူး၏ သွင်းဂိုး ၂ ဂိုးဖြင့် နောဝစ်ခ်ျကိုနိုင်ပြီး အာဆင်နယ် လိဂ်ဖလားကွာတားတက် (ရုပ်သံဟိုက်လိုက်)

အင်္ဂလန် လိဂ်ဖလား စတုတ္ထအဆင့် ပွဲစဉ်အဖြစ် ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်နဲ့ ချန်ပီယံရှစ်ကလပ် နောဝစ်ခ်ျစီးတီးတို့ မနေ့ညက ယှဉ်ပြိုင်ရာ အာဆင်နယ်က ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ အာဆင်နယ်ဟာ ဒီပွဲမှာ အယ်လ်နန်နီ၊ ကိုကွီလင်၊ ဝဲလ်ရှိုင်းယား၊ ဝေါလ်ကော့၊ အိုင်ဝိုဘီ၊ ဂျရူးတို့ကို လူငယ် အရန်ကစားသမားတွေနဲ့ ပွဲထွက်ယှဉ်ပြိုင်ခဲ့တာပါ။ အာဆင်နယ်ဟာ အရန်ကစားသမားတွေနဲ့ ပွဲထွက်ခဲ့ပေမယ့်လည်း ချန်ပီယံရှစ်ကလပ်ကို ဖိအားပေး ကစားနိုင်ခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှုရော ဂိုးကန်သွင်းခွင့်မှာပါ အသာစီးရခဲ့ပါတယ်။ ဒါပေမယ့်လည်း ပွဲချိန် ၃၄ မိနစ်မှာ နောဝစ်ခ်ျတိုက်စစ်မှူး မာဖီက အဖွင့်ဂိုး သွင်းယူပေးခဲ့ပြီး ပထမပိုင်းအပြီးမှာ နောဝစ်ခ်ျက တဂိုး ဂိုးမရှိနဲ့ ဦးဆောင်ထားနိုင်ခဲ့တာပါ။ အာဆင်နယ်အတွက် ချေပဂိုးကို ပွဲချိန် ၈၅ မိနစ်မှာ လူငယ်တိုက်စစ်မှူး အန်ကက်တီယားက သွင်းယူပေးခဲ့ပါတယ်။ ဒီလူငယ်တိုက်စစ်မှူးဟာ လူစားလဲ ဝင်ရောက်လာတာဖြစ်ပြီး ဝင်လာလာချင်းမှာပဲ ချေပဂိုး သွင်းယူပေးနိုင်ခဲ့တာပါ။ ဒီ့နောက် သာမန်ပွဲကစားချိန် မိနစ် ၉၀ ပြည့်တဲ့အထိ တဖက်တဂိုးစီ သရေကျနေလို့ အချိန်ပို ဆက်လက်ယှဉ်ပြိုင်ရာ အချိန်ပို ပထမပိုင်း ၆ မိနစ်မှာပဲ အန်ကက်တီးယားက အနိုင်ဂိုးသွင်းယူပြီး အာဆင်နယ် ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တာပါ။ ဒီပွဲအနိုင်ရတဲ့အတွက် အာဆင်နယ်ဟာ လိဂ်ဖလား ကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်းသွားပြီ ဖြစ်ပါတယ်။

More News
Up