Home
မြန်မာသတင်း
အလေးချိန် ၇ ပေါင်ရှိ ဧရာမလျှာကြီးနှင့် မြန်မာဝက်ဝံ ခွဲစိတ်မှုအောင်မြင်
DVB
·
October 24, 2017
ရှားပါးရောဂါတမျိုးကြောင့် အလေးချိန် ၇ ပေါင်ရှိတဲ့ ဧရာမလျှာကြီးနဲ့ ခက်ခက်ခဲခဲ နေထိုင်ရတဲ့ မြန်မာဝက်ဝံတကောင်ကို အောင်အောင်မြင်မြင် ခွဲစိတ်နိုင်ခဲ့တယ်လို့ ဘီဘီစီသတင်းတပုဒ်မှာ အောက်တိုဘာ ၂၃ ရက်နေ့က ဖော်ပြပါတယ်။ ဒီခွဲစိတ်မှုကို အီဒင်ဘာ့ဂ်တက္ကသိုလ်၊ တိရစ္ဆာန်ဆေးကုသရေး ပညာဌာနမှ ဆေးပညာရှင် ဟီသာ ဘေကွန် ဦးဆောင်တဲ့အဖွဲ့က လုပ်ဆောင်ပေးခဲ့ကြတာပါ။ အချိန် ၄ နာရီကြာမြင့်တဲ့ ဒီခွဲစိတ်မှုအပြီးမှာတော့ ဉာဏ်ထူးလို့ အမည်ပေးထားတဲ့ ဝက်ဝံကလေးရဲ့ လျှာအတွင်းပိုင်း တစ်သျှူးတွေကို ခွဲထုတ်ပစ်နိုင်ခဲ့ပြီး သူ့ရဲ့ ညီနောင်ဝက်ဝံနဲ့အတူ ကောင်းကောင်းကစားနိုင်၊ စားသောက် ပျော်ရွှင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ “ဉာဏ်ထူးရဲ့သက်တမ်းကို ပိုရှည်အောင် ကျမတို့အဖွဲ့က အောင်အောင်မြင်မြင်နဲ့ လုပ်ဆောင်နိုင်ခဲ့ပါပြီ” လို့ ဟီသာက ပြောပါတယ်။ အရင်ကတော့ ဉာဏ်ထူးဟာ ရပ်နေရင်တောင် မြေပြင်နဲ့ထိလုမတတ် ကြီးမားလှတဲ့ ဒီလျှာကြီးကြောင့် တော်တော့်ကို ဒုက္ခရောက်နေခဲ့တာပါ။ ဉာဏ်ထူးဟာ အာရှဝက်ဝံနက်မျိုးစိတ်ဖြစ်ပြီး တောတွင်းကနေ သူ့ရဲ့ ညီနောင်ဝက်ဝံနဲ့အတူ ငယ်စဉ်ကတည်းက ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး တရုတ်နိုင်ငံဘက်ကို တရားမဝင်ရောင်းချမယ့် သူတွေရဲ့လက်ထဲကနေ တောတွင်း ဘုန်းကြီးကျောင်းတကျောင်းက ပြန်လည်ကောက်ယူ မွေးစားခံထားခဲ့ရတာပါ။ အဲဒီဘုန်းကြီးကျောင်းကတော့ ရန်ကုန်ကနေ ၄ နာရီလောက်သွားရတဲ့ ကျေးရွာတရွာမှာ တည်ရှိပြီး ဟီသာဟာ အခုလအစောပိုင်းတုန်းက ကနဦး သွားရောက်ခဲ့တယ်လို့ သည်ဂါးဒီးယန်း သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းက ခုလိုအခြေအနေနဲ့ ဖြစ်နေတာဟာ ဆင်ခြေထောက်ရောဂါကြောင့်လို့ သူ့ကို ကုသပေးခဲ့ကြတဲ့ ဆရာဝန်တွေက ပြောပါတယ်။ ခွဲစိတ်ကုသမှုမှာ ပါဝင်တဲ့ သူနာပြု ကာရိုလိုင်း နယ်လ်ဆင်ကတော့ သူ့အနေနဲ့ ခုလိုရောဂါဆန်းမျိုး ဝက်ဝံတွေမှာဖြစ်တာမျိုး ဘယ်တုန်းကမှ မတွေ့ခဲ့ဘူးပဲ ဉာဏ်ထူးရဲ့ ကုသမှုနဲ့ ပတ်သက်ပြီး လက်မြှောက်အရှုံးပေးသွားမှာ မဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024