A d v e r t i s e m e n t With Us

အေအက်ဖ်စီယူ-၁၉ ခြေစစ်ပွဲတွင် မြန်မာက ဖိလစ်ပိုင်ကို ဂိုးဒါဇင်ဝက်သွင်းပြီး အနိုင်ယူ

အေအက်ဖ်စီ ယူ-၁၉ ချန်ပီယံရှစ် ခြေစစ်ပြိုင်ပွဲ အုပ်စုဂျီ အဖွင့်ပွဲစဉ်အဖြစ် မြန်မာ ယူ-၁၉ အသင်းနဲ့ ဖိလစ်ပိုင် ယူ-၁၉ အသင်းတို့ ဒီကနေ့ညနေက ကမ္ဘောဒီးယားနိုင်ငံ အိုလံပစ် အားကစားကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ကြရာ မြန်မာအသင်းက ၆ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။ မြန်မာအသင်းအတွက် အနိုင်ဂိုးတွေကို ပထမပိုင်းမှာ ၂ ဂိုး၊ ဒုတိယပိုင်းမှာ ၄ ဂိုး သွင်းယူပေးခဲ့တာပါ။ မြန်မာအသင်းဟာ ဒုတိယပိုင်းမှာ တဖက်သတ် တိုက်စစ်ဆင် ဖိအားပေးကစားနိုင်ခဲ့ပါတယ်။ မြန်မာတိုက်စစ်မှူးတွေရဲ့ ကန်သွင်းချက်တချို့ တိုင်ထိထွက်တာတွေ ရှိတဲ့အတွက်လည်း ဖိလစ်ပိုင်အသင်း သက်သာရာ ရခဲ့ပါတယ်။ အေအက်ဖ်စီ ယူ-၁၉ ချန်ပီယံရှစ် ၂၀၁၈ ခြေစစ်ပွဲစဉ် အုပ်စု ဂျီမှာ မြန်မာအသင်းဟာ အိမ်ရှင် ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ တရုတ်တို့နဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ မြန်မာအသင်းဟာ ဒုတိယပွဲစဉ်အဖြစ် အောက်တိုဘာ ၂၆ ရက် မြန်မာစံတော်ချိန် ညနေ ၆ နာရီမှာ အိမ်ရှင် ကမ္ဘောဒီးယားနဲ့ ကစားရမှာဖြစ်ပြီး အောက်တိုဘာ ၂၈ ရက်နေ့ မြန်မာစံတော်ချိန် ညနေ ၃ နာရီမှာတော့ တရုတ်အသင်းနဲ့ ခြေစစ်ပွဲ အုပ်စုနောက်ဆုံးပွဲစဉ် ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ်။ ဒီခြေစစ်ပွဲတွေကို အုပ်စု ၁၀ စုခွဲပြီး ယှဉ်ပြိုင်နေတာဖြစ်ပြီး အုပ်စုတခုဆီက ပထမရအသင်း ၁၀ သင်းနဲ့ အကောင်းဆုံး အုပ်စုဒုတိယရတဲ့ အသင်း ၅ သင်းတို့ ခြေစစ်ပွဲ အောင်မြင်ကြမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up