Live
Home
မြန်မာသတင်း
ဘဏ္ဍာရေးနှစ် အလောသုံးဆယ် မပြောင်းလဲရန် တပ်မတော်အမတ်အကြံပြုဆွေးနွေး
DVB
·
October 24, 2017
  ဘဏ္ဍာရေးနှစ်ပြောင်းလဲသတ်မှတ်မယ့်ကိစ္စကို ပြန်လည်သုံးသပ်သင့်ပြီး အလောသုံးဆယ် မပြောင်းသင့်ဘူးလို့  တပ်မတော်သားကိုယ်စားလှယ်တွေက အောက်တိုဘာ ၂၃ ရက်နေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ အကြံပြုဆွေးနွေးသွားပါတယ်။ ဧပြီ ၁ ရက်နေ့စတင်ပြီး မေ ၃၁ ရက်နေ့မှာ အဆုံးသတ်တဲ့ လက်ရှိ မြန်မာနိုင်ငံမှာ အသုံးပြုနေတဲ့ ဘဏ္ဍာရေးနှစ်အစား အောက်တိုဘာ ၁ရက်ကနေစတင်ပြီး စက်တင်ဘာ ၃၀ ရက်မှာ အဆုံးသတ်မယ့် ဘဏ္ဍာနှစ်ကို  ပြောင်းလဲကျင့်သုံးဖို့ နိုင်ငံတော် သမ္မတက ပြည်ထောင်စုလွှတ်တော်ကို ပေးပို့ထားတဲ့သ၀ဏ်လွှာ အပေါ် ဆွေးနွေးနေကြတာဖြစ်ပါတယ်။ မြန်မာပြည်မှာ ၄၃ နှစ်ကျော်ကြာကျင့်သုံးခဲ့တဲ့ ဘဏ္ဍာရေးနှစ်ကို မဖြစ်မနေပြောင်းလဲ ကျင့်သုံးမယ်ဆိုပါရင် အချိန်ယူဆွေးနွေး ၀ိုင်းဝန်းအဖြေရှာပြီးမှ ဆောင်ရွက်သင့်သလို အလောသုံး ဆယ်ပြောင်းလဲကျင့်သုံးဖို့ မသင့်ဘူးလို့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်  ဒုတိယ ဗိုလ်မှူးကြီး သောင်းစိန်ကပြောပါတယ်။ အလားတူ တပ်မတော်သားအမတ် ဗိုလ်မှူးသောင်းထိုက်စိုးကလည်း တည်ဆောက်ရေး လုပ်ငန်းတွေကို အကြောင်းပြပြီး ဘက်ဂျက်ကာလပြောင်းလဲတာဟာ ဆီလျော်မှုမရှိတဲ့အတွက် ပြန်လည်သုံးသပ်သင့်တယ်လို့ဆိုပါတယ်။ အခုဘက်ဂျက်နှစ်ပြောင်းလဲလိုက်တဲ့အတွက် အရေအတွက်အားဖြင့် အားသာချက်များပြီး အားနည်ချက်က နည်းနေပေမယ့် အားနည်းချက်တွေက နိုင်ငံရဲ့ စီးပွားရေး၊ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ လူမှုရေးတွေပါ ရှုပ်ထွေးစေမယ့် အချက်တွေဖြစ်နေလို့ ပြန်လည်သုံး သပ်သင့်တယ်လို့ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်ဦးသောင်းအေးက ပြောပါတယ်။ ဘဏ္ဍာရေးနှစ်ကို ဧပြီ ၁ ရက်ကနေ မတ် ၃၁ ရက်ထိ သတ်မှတ်တဲ့ နိုင်ငံ ၃၃ နိုင်ငံရှိပြီး အောက်တိုဘာ ၁ ရက်နေ့ကနေ စက်တင်ဘာ ၃၀ ရက်နေ့ထိ သတ်မှတ်တဲ့နိုင်ငံ ၁၂ ရှိတယ်လို့ သိရပါတယ်။ အုတ်တွင်းမဲဆန္ဒနယ်မှ ဒေါ်ချိုချိုက မြန်မာနိုင်ငံနဲ့ ရာသီဥတုအနီးကပ်ဆုံး တူညီနေတဲ့ အိမ်နီးချင်း ထိုင်းနဲ့ လာအိုနိုင်ငံတို့ဟာ ဘဏ္ဍာရေးနှစ်ကို အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ သတ်မှတ်ထားတာကြောင့်  မြန်မာနိုင်ငံအနေနဲ့ ထိုနည်းတူ ပြောင်းလဲသတ်မှတ်လိုက်ခြင်းဖြင့် မြန်မာနိုင်ငံရဲ့ ရာသီဥတုနဲ့  မိုးရွာသွန်းမှုတွေကြောင့် လုပ်ငန်းတွေ ဆောင်ရွက်တဲ့အခါ ဇွန်လမှ နိုဝင်ဘာလအထိ လုပ်ငန်းတွေရပ်ဆိုင်းထားစရာ မလိုဘဲ ပွင့်လင်းကာလမှာ လုပ်ငန်းတွေကို နှောင့်နှေးမှုမရှိဘဲ လုပ်ကိုင်နိုင်သကဲ့သို့ ဘတ်ဂျက်ပိတ်ချိန်ဟာ အားလပ်ရက်နဲ့ နီးကပ်ပါက လူတွေအလုပ်လုပ်ချိန် နည်းပါးခြင်းကိုလည်း ကျော်လွှားနိုင်မယ်လို့ဆွေးနွေးသွားပါတယ်။ ဘဏ္ဍာရေးနှစ်ကို ပြောင်းလဲ ပြင်ဆင်သတ်မှတ်လိုက်ခြင်းဖြင့် နိုင်ငံတကာအလေ့ အကျင့်တွေနဲ့  တစ်သားတည်းဖြစ်သွားခြင်း၊ မုတ်သုံရာသီအတွက် လုံလောက်စွာ ပြင်ဆင်နိုင်ခြင်း၊ စိုက်ပျိုးရေးကိန်းဂဏန်းတွေကို ပိုမိုသုံးနိုင်ခြင်း၊ ဆောက်လုပ်ရေးလုပ်ငန်းတွေ မုတ်သုံကို ရှောင် နိုင်ခြင်း၊ လပတ်အလိုက် ဘဏ္ဍာငွေသုံးစွဲမှုတွေ ပိုမိုညီညွတ် မျှတလာနိုင်ခြင်းစတဲ့ အားသာချက်များ ရရှိမယ်လို့လည်းထောက်ခံဆွေးနွေးသွားပါတယ်။ မြန်မာနိုင်ငံဟာ လက်ရှိကျင့်သုံးနေတဲ့ ဧပြီ ၁ ရက်ကနေ မတ် ၃၁ ရက်ထိ ဘဏ္ဍာရေး နှစ်ကာလကို ၁၉၇၄ ခုနှစ်ကနေ လက်ရှိ အချိန်ထိ ကျင့်သုံးခဲ့တာဖြစ်ပြီး ၁၉၄၅ ခုနှစ်ကနေ လွတ်လပ်ရေးရတဲ့ အချိန်ထိမှာတော့ အခု ပြောင်းလဲကျင့်သုံးမယ့် အောက်တိုဘာ ၁ ရက်ကနေ စက်တင်ဘာ ၃၀ ရက်နေ့ထိ ဘဏ္ဍာရေးနှစ်ကို ကျင့်သုံးခဲ့တာပါ။ ခုလိုဘတ်ဂျတ်ကာလ သတ်မှတ်ချက်ပြင်ဆင်လိုက်တာဟာ စိုက်ပျိုးရေးနိုင်ငံဖြစ်တဲ့မြန်မာ  နိုင်ငံနဲ့ သင့်တော်တဲ့ဆောင်ရွက်ချက်ဖြစ်တယ်လို့ စီးပွားရေးပညာရှင်တွေက ဆိုပါတယ်။ ဈေးကွက်စီးပွားရေးစနစ်မှာ စိုက်ပျိုးရေးနိုင်ငံတွေရဲ့ အဓိကငွေပေါ်ချိန်ဟာ အောက်တိုဘာလမှာ ဖြစ်တာကြောင့် ၀င်ငွေအမှန်ကို  တွက်ချက်ဖို့ လွယ်ကူသွား နိုင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင်အစိုးရနဲ့ ဖက်စပ်လုပ်ကိုင်မယ့် ပုဂ္ဂလိက ဆောက်လုပ်ရေးလုပ်ငန်းတွေအတွက် အောက်တိုဘာဘတ်ဂျတ်ကြောင့် အကျိုးရှိစေမယ့်အပြင် လုပ်ငန်းတွေ အမြန်စနိုင်မယ်လို့ ဆိုပါတယ်။ အစိုးရကအောက်တိုဘာဘတ်ဂျတ်ပြောင်းလဲသတ်မှတ်တာဟာ တခြားအပြင် ပုဂ္ဂလိက ကုမ္ပဏီတွေအတွက်တော့ ဘာမှထိခိုက်မှုမရှိဘူးလို့လည်း စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာစိုးထွန်းကပြောပါတယ်။ သမ္မတကလွှတ်တော်ကို  သ၀ဏ်လွှာပေးပို့ထားတဲ့ မြန်မာနိုင်ငံရဲ့ ဘဏ္ဍာနှစ် ပြောင်းလဲပြင်ဆင်သတ်မှတ်ဖို့ ကိစ္စနဲ့ပတ်သက်လို့ အောက်တိုဘာ ၂၄ ရက်နေ့ ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုဆုံး ဖြတ်မှာဖြစ်ပါတယ်။ သတင်း- နေဖြိုးဝင်း ပြည့်ဖြိုးကျော်၊ ဓာတ်ပုံ-လွှတ်တော်

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024