ပုသိမ်မြို့နယ်တရားရုံးတွင် တရားရုံးရှေ့ပြေးအစီအစဉ်ဖြင့် ၁ နှစ်တွင်း အမှုပေါင်း ၇၀၀၀ နီးပါး ဆောင်ရွက်ပြီးစီး

ဧရာဝတီတိုင်း ပုသိမ်မြို့နယ်တရားရုံးမှာ အမှုသည်တွေကို ပထမဆုံး ရုံးချိန်းမှာပဲ အမှုကို ဘယ်လောက် အချိန်ယူ စစ်ဆေးမယ်၊ ဘယ်နေ့ ဘယ်အချိန်မှာ ရုံးချိန်းခေါ် စစ်ဆေးမယ် ဆိုပြီး အမှုတခုလုံး စစ်ဆေးမယ့်ပုံစံ ရှေ့ပြေးအစီအစဉ် (Pilot Court) ကို တခါတည်း ပြောပြ စစ်ဆေး ဆောင်ရွက်ပြီးစီးတဲ့ အမှုပေါင်း တနှစ်အတွင်း ၇၀၀၀ နီးပါးရှိနေပြီလို့ သိရပါတယ်။ ၂၀၁၆ ခုနှစ် အောက်တိုဘာလကနေ ၂၀၁၇ အောက်တိုဘာလအထိ Pilot Court အစီအစဉ်နဲ့ စစ်ဆေးခဲ့တဲ့ အမှုတွေမှာ စက်တပ်ယာဉ်အမှုက ၅၀၀၀ နီးပါး ပါဝင်ခဲ့ပြီး အစီအစဉ် အောင်မြင်မှု ရှိ၊ မရှိကိုတော့ ကူညီပေးနေတဲ့ USAID အဖွဲ့က အမှုတွေကို လေ့လာပြီး သုံးသပ်သွားမှာ ဖြစ်တယ်လို့ ပုသိမ်မြို့နယ် တရားသူကြီး ဦးဝင်းအောင်က ပြောပါတယ်။ ပြည်ထောင်စုတရားလွှတ်တော်ကနေ တရားရုံးလုပ်ငန်းတွေ အဆင်ပြေအောင် Pilot Court Program အစီအစဉ်ကို ၂၀၁၅ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိ မဟာဗျူဟာ ချမှတ်ဆောင်ရွက်ခဲ့တာဖြစ်ပြီး ၂၀၁၆ ခုနှစ် လုပ်ငန်းအစီအစဉ်အရ ပုသိမ်မြို့နယ် တရားရုံးက ပါဝင် ဆောင်ရွက်နေတာဖြစ်တယ်လို့ ပုသိမ်မြို့နယ်တရားရုံးက သိရပါတယ်။ ဒီလိုဆောင်ရွက်လာတာဟာ အမှုသည်တွေ ရှေ့နေတွေအတွက် ကောင်းမွန် အဆင်ပြေ စေပေမယ့် အမှုသည်တွေ ရှေ့နေတွေအနေနဲ့ကလည်း တရားရုံးနဲ့ အချိန်ကိုလေးစားလိုက်နာရင် ပိုကောင်းမယ်လို့ တရားလွှတ်တော် ရှေ့နေဒေါ်ဇင်မာဦးက ဆိုပါတယ်။ ပုသိမ်မြို့နယ် တရားရုံးမှာတော့ မြို့နယ်တရားသူကြီး စစ်ဆေးတဲ့ တရားခွင် ၁ ခု၊ ဒုတိယ မြို့နယ်တရားသူကြီး စစ်ဆေးသည့် တရားခွင် ၂ ခု၊ တွဲဖက်မြို့နယ် တရားသူကြီး စစ်ဆေးတဲ့ တရားခွင် ၄ ခု၊ စုစုပေါင်း တရားခွင် ၇ ခုနဲ့ အမှုတွေကို စစ်ဆေးစီရင် ဆုံးဖြတ်နေတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up