ရခိုင်ပြည်နယ် နယ်စပ်ခြံစည်းရိုးအတွက် ကျပ်သိန်း ၇ သောင်းကျော်ရရှိထား
ပိုင်စိုး
·
October 24, 2017
ရခိုင်ပြည်နယ်မှာ နယ်စပ်ခြံစည်းရိုးကာရံဖို့အတွက် အလှူငွေ ကျပ်သိန်းပေါင်း ၇ သောင်းကျော် ရထားတယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၂၂ ရက်ကလည်း အိန္ဒိယနိုင်ငံဆိုင်ရာ ပညာသင် မြန်မာရဟန်းတော်များ သာယာ ဖွံ့ဖြိုးရေးအဖွဲ့ ဗုဒ္ဓဂယာ အိန္ဒိယက ဒေါက်တာအရှင်သူရိယဓဇ ဦးဆောင်ပြီး အလှူငွေ ကျပ် ၉၁ သိန်းကျော် ပေးအပ်ခဲ့ပါတယ်။
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ဟာ မိုင် ၁၇၀ ကျော်ရှိပြီး မိုင် ၄၀ ကျော်လောက် ကာရံဖို့ ကျန်နေသေးတာပါ။ နယ်စပ်ခြံစည်းရိုးအတွက် အောက်တိုဘာ ၂၂ ရက်အထိ အလှူငွေ ကျပ်သိန်းပေါင်း ၇၂၅၃၅ ရထားပြီလို့လည်း တပ်မတော်က သတင်း ထုတ်ပြန်ထားပါတယ်။
နယ်စပ်ခြံစည်းရိုးကာဖို့ ၂၀၀၉-၁၀ ခုနှစ်ကနေ ၂၀၁၇-၁၈ အထိ ကျပ်ဘီလျံ ၁၉၀ ကို ပြည်ထဲရေးဝန်ကြီးဌာနကိုပေးခဲ့ပြီး ၂၀၁၇-၁၈ မှာ ခြံစည်းရိုး ကာတာနဲ့ဆက်စပ်လုပ်ငန်း အတွက် ၆ ဘီလျံကျော်ခွင့်ပြုခဲ့ပါတယ်။
ဒါ့အပြင် ဖြည့်စွက်ခွင့်ပြုငွေ ကျပ်၂ ဘီလျံကျော် ထပ်မံသုံးစွဲမှာ ဖြစ်ပြီး အခု ချက်ချင်းဆောင်ရွက်နိုင်ဖို့ ပထမအဆင့်အနေနဲ့ ကျပ်ဘီလျံ ၂၀ ကို အစိုးရက လက်ငင်းပေးမယ်လို့ အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ခဲ့ပါတယ်။