A d v e r t i s e m e n t With Us

နတ်ရွာစံထိုင်းဘုရင်ကြီး ဈာပနအခမ်းအနား တက်မည့်သူများ လိုက်နာရန်အချက် ထုတ်ပြန်

နတ်ရွာစံသွားတဲ့ နဝမမြောက် ထိုင်းဘုရင်ကြီး ဘုမိဘောလ် အဒူယာဒက်ခ်ျရဲ့ ကြွင်းကျန်ရစ်တဲ့ ရုပ်ကလာပ် မီးမြှိုပ်ပူဇော်ပွဲကို တက်ရောက်ကြမယ့် ပြည်သူလူထုတွေ လိုက်နာ ဆောင်ရွက်သင့်တဲ့ အချက်တွေကို သက်ဆိုင်ရာက ထုတ်ပြန်ထားပါတယ်။ မနှစ် အောက်တိုဘာ ၁၃ ရက်နေ့က နတ်ရွာစံသွားတဲ့ ထိုင်းဘုရင်ကြီး ဘုမိဘောလ် အဒူယာဒက်ခ်ျရဲ့ ကြွင်းကျန်ရစ်တဲ့ ရုပ်ကလာပ်ကို လာမယ့် အောက်တိုဘာ ၂၆ ရက် ဘန်ကောက်မြို့ ဘုရင့်နန်းတော်ရှေ့ ရင်ပြင်မှာ မင်းခမ်းမင်းနားနဲ့အညီ ကြီးကျယ်ခမ်းနားစွာ ဆင်ယင်ကျင်းပ မီးမြှိုက်ပူဇော်မှာဖြစ်သလို တနိုင်ငံလုံးရှိ ခရိုင်အသီးသီး၊ မြို့နယ်အသီးသီးတွေမှာလည်း ပုံစံငယ် ပုံစံတူ ပြာသာဒ်တွေ ဆောက်လုပ်ကာ ဈာပနပန်းမီးမြှိုက်ပူဇော်ပွဲ ကျင်းပမှာ ဖြစ်ပါတယ်။ နေရာတိုင်းက ဈာပနအခမ်းအနားတွေကို စနစ်တကျ ကျင်းပနိုင်ဖို့ သိန်းနဲ့ချီတဲ့ စေတနာ့ဝန်ထမ်းတွေ ဖိတ်ခေါ်လေ့ကျင့်ထားပြီး ဈာပနအခမ်းအနား တက်ရောက်မယ့် လုပ်သားပြည်သူတွေ လိုက်နာဆောင်ရွက်သင့်တဲ့ အချက်တွေကိုလည်း သက်ဆိုင်ရာက ထုတ်ပြန်ထားတာပါ။ အဲဒီအချက်တွေမှာ ဝတ်စားဆင်ယင်မှုနဲ့ပတ်သက်ပြီး အမျိုးသားဆိုရင် ရှပ်အင်္ကျီလက်ရှည် အနက်ရောင်နဲ့ ဘောင်းဘီရှည် အနက်ရောင် (ဂျင်းဘောင်းဘီမဝတ်ရ)၊ ဘွတ်ဖိနပ်အနက်ရောင်၊ အမျိုးသမီးဆိုရင် အင်္ကျီအနက်ရောင် (ကိုယ်ကြပ်/လက်ပြတ်/ကြိုးတချောင်း မဝတ်ရ)၊ ထဘီ သို့မဟုတ် ဒူးခေါင်းအောက်ရှည်သော စကပ်အနက်ရောင်၊ ဖိနပ်အနက်ရောင် (ဒေါက်ချွန် ဒေါက်မြင့် မစီးရ)၊ ထိုင်းမဟုတ်တဲ့ တိုင်းရင်းသားလူမျိုးတွေအနေနဲ့ ရိုးရာတိုင်းရင်းသားဝတ်စုံပြည့် ဝတ်ဆင်နိုင်တယ်လို့ ဆိုပါတယ်။ အခမ်းအနားထဲ လာမယ်ဆိုရင် မှတ်ပုံတင်ကတ်ပြား၊ သက်သေခံကတ်ပြား၊ ရောဂါအခံရှိက သုံးနေကျဆေးဝါးနဲ့ ရှူဆေးတွေဆောင်ထားပြီး ကလေးသူငယ်နဲ့ သက်ကြီးရွယ်အိုတွေ ပါလာရင် ပျောက်ဆုံးက လူပျောက်တိုင်ကြားပေးနိုင်ရန် ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေ ထည့်ထားပေးဖို့၊ ဒါး ကပ်ကြေး စတဲ့ ချွန်ထက်တဲ့အရာတွေ ယူဆောင်လာခြင်းမပြုဖို့၊ အမှိုက်တွေကို ပုံးထဲမှာသာ စနစ်တကျစွန့်ပစ်ဖို့၊ ဖြစ်နိုင်က အိမ်ပြန်သယ်သွားပြီး မိမိအိမ်မှာသာ ပြန်စွန့်ဖို့ မေတ္တာရပ်ခံထားပါတယ်။ အခမ်းအနားမှာ ရောင်စုံထီး သုံးခွင့်မပြုဘဲ အနက်ရောင်၊ အဖြူရောင်နဲ့ မှိုင်းပြတဲ့အရောင်ပါ ထီးတွေသာ အသုံးပြုဖို့၊ အခမ်းအနားနဲ့ မလိုက်ဖက်တဲ့ ဘုရင်ကြီး သက်တော်ရှည်ပါစေ ဆိုတဲ့ စကားနဲ့ ကြွေးကြော်ခြင်းမပြုဖို့၊ နိဗ္ဗာန်ယာဉ် စီတန်းလှည့်လည်လာစဉ် မိမိဖုန်းနဲ့ ဓာတ်ပုံရိုက်တာ၊ ဆဲလ်ဖီဆွဲတာတွေ မလုပ်ဖို့လည်း ကန့်သတ်ထားပါတယ်။ နတ်ရွာစံ ဘုရင်ကြီးအတွက် မီးမြှိုက်ပူဇော်ဖို့ ဈာပနပန်းကို အခမ်းအနား ပြင်ဆင်ရေးအဖွဲ့က ဝေငှပေးမှာဖြစ်ပြီး ပန်းဆက်ကပ်ရာမှာ တသုတ်လျှင် အတန်း ၉ တန်း၊ တတန်းကို လူ ၉ ယောက်စီသာ ဝင်ရမှာဖြစ်ပါတယ်။ ဈာပနပန်းကို အသင့်ပြင်ထားတဲ့ ကလာပ်ပေါ် မတင်ခင် ဦးစွာ ဦးညွှတ်အရိုအသေပြုပြီး ပန်းပူဇော်ပြီးရင် နောက်ထပ်တကြိမ် အရိုအသေပြုကာ ညာဘက်နဲ့ ဘယ်ဘက်ရှိ ထွက်ပေါက်မှ ထွက်ခွာပြီး အခမ်းအနားအဖွဲ့က ပေးကမ်းမယ့် ဘုရင်ကြီးပုံပါ ပို့စကတ်နဲ့ စာအုပ် စတဲ့ အမှတ်တရ လက်ဆောင် ရရှိမှာ ဖြစ်ပါတယ်။ ဈာပနပန်းပူဇော်ချိန်အနေနဲ့ ဘန်ကောက်မှာ မနက် ၉ နာရီမှ ညနေ ၄ နာရီခွဲထိ တကြိမ်၊ ညနေ ၆ နာရီခွဲမှာ တကြိမ်ရှိပြီး ည ၁၀ နာရီမှာ မီးသင်္ဂြိုဟ်ပူဇော်မှာ ဖြစ်ပါတယ်။ ကျန်တဲ့ ခရိုင်နဲ့ မြို့နယ်အသီးသီးမှာတော့ အချိန်အနည်းငယ် ကွာဟမှုရှိမှာ ဖြစ်ပါတယ်။ ဈာပနအခမ်းအနား ကျင်းပစဉ်အတွင်း လမ်းတချို့ ခေတ္တပိတ်ထားတာကြောင့် မိမိသွားမယ့် လမ်းကြောင်းအခြေအနေကို ကြိုတင်လေ့လာ ပြင်ဆင်ထားဖို့ လိုအပ်ကြောင်း  အသိပေးထားပါတယ်။ ဘန်ကောက် နန်းတော်ရှေ့ ရင်ပြင်ရှိ ဈာပနအခမ်းအနားကို မိမိကိုယ်တိုင် ဗွီဒီယို ရိုက်ကူးထုတ်လွှင့်ခြင်း ခွင့်မပြုဘဲ ရုပ်သံလိုင်းပေါင်းစုံ အဖွဲ့ဝင်အဖြစ် ပါဝင်ထားတဲ့ ဗဟိုပြန်ကြားရေးအဖွဲ့က တိုက်ရိုက် ရိုက်ကူးတင်ဆက်ထားတာကို ယူပြီး တဆင့်ထုတ်လွှင့်ရမှာ ဖြစ်တယ်လို့ နိုင်ငံတော်ဈာပနအခမ်းအနား ကျင်းပရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။ ဈာပနအခမ်းအနားကာလမှာ အောက်တိုဘာ ၂၅ ရက်မှ ၂၉ ရက်နေ့ထိဖြစ်ပြီး ၂၅ ရက်နေ့မှာ သံဃာတော်တွေက စံကျောင်းတော်ဗိမာန်မှာ တရားဒေသနာ ရွတ်ဖတ်သရဇ္ဈာယ်တာ၊ ၂၆ ရက်နေ့မှာ ဈာပနပန်းဆက်ကပ်တာနဲ့ မီးမြှိုက်သင်္ဂြိုဟ်တာ၊  ၂၇ ရက်နေ့မှာ အရိုးကောက်တာ၊ ၂၈ ရက်နေ့မှာ အရိုးကို စံကျောင်းတော်သို့ ပြန်လည်ပင့်ဆောင်တာ၊ ၂၉ ရက်နေ့မှာ ဘုရင်ကြီးအရိုးကို ဘုန်းကြီးကျောင်း ၂ ကျောင်းမှာ ပို့ဆောင်ထားရှိတာ စတဲ့ အစီအစဉ်တွေ ရှိတယ်လို့ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up