A d v e r t i s e m e n t With Us

အဲဗာတန်နည်းပြ ရော်နယ်လ်ကိုးမန်းအား ရာထူးမှ ထုတ်ပယ်

ဓာတ်ပုံ - ဘီဘီစီ
အခုရာသီမှာ ရလဒ်တွေဆိုးရွားနေတဲ့ အဲဗာတန်အသင်းဟာ အောက်တိုဘာ ၂၃ ရက်နေ့က နည်းပြ ရော်နယ်လ်ကိုးမန်းကို ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။ ရော်နယ်လ်ကိုးမန်းဟာ ပြီးခဲ့တဲ့ရာသီက အဲဗာတန်အသင်းကို စတင်ကိုင်တွယ်ခဲ့ပြီး ရာသီကုန်ဆုံးချိန်မှာ အဆင့် ၇ နေရာ ရပ်တည်နိုင်ကာ ယူရိုပါလိဂ်ပြိုင်ပွဲ ဝင်ခွင့်ရအောင် စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အခုရာသီ ပရီးမီးယားလိဂ် အမှတ်ပေးပွဲစဉ် ၉ ပွဲ ကစားအပြီးမှာတော့ ၂ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၅ ပွဲရှုံးနဲ့ ရမှတ် ၈ မှတ်သာ ရရှိသေးပြီး တင်းဆင်းဇုန် အဆင့် ၁၈ မှာ ရပ်တည်နေတာပါ။ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၂ ရက်နေ့က အိမ်ကွင်းမှာ ယှဉ်ပြိုင်ခဲ့တဲ့ အာဆင်နယ်နဲ့ ပွဲစဉ်မှာလည်း ၂ ဂိုး ၅ ဂိုးနဲ့ ဂိုးပြတ် ရှုံးနိမ့်ခဲ့ပါတယ်။ အဲဗာတန်အသင်းဟာ ယူရိုပါလိဂ် ပြိုင်ပွဲမှာလည်း ရလဒ်တွေ မကောင်းဘဲ အုပ်စုတွင်း ၃ ပွဲ ယှဉ်ပြိုင်အပြီး နိုင်ပွဲမရသေးသလို တပွဲသရေ၊ နှစ်ပွဲရှုံး၊ ရဂိုး ၃ ဂိုး ပေးဂိုး ၇ ဂိုးရှိပြီး ရမှတ် ၁ မှတ်နဲ့ ဇယားအောက်ဆုံးမှာ ရပ်တည်နေပါတယ်။ ရော်နယ်လ်ကိုးမန်းဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ တတိယမြောက် ထုတ်ပယ်ခံရတဲ့နည်းပြ ဖြစ်ပြီး သူမတိုင်ခင်က ခရစ္စတယ်ပဲလေ့စ်နည်းပြ ဖရန့်ဒီဘိုးဝါးနဲ့ လက်စတာနည်းပြ ရှိတ်စပီးယားတို့လည်း ထုတ်ပယ်ခံထားရပါတယ်။ ထုတ်ပယ်ခံရတဲ့ နည်းပြ ရော်နယ်လ်ကိုးမန်းနေရာမှာ အစားထိုးဖို့အတွက် ဘိုင်ယန်နည်းပြဟောင်း အန်ဆလော့တီ၊ ဒေါ့မွန်နည်းပြဟောင်း တူချယ်တို့ ရေပန်းစားနေတယ်လို့ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up