အာဆီယံဒေသတွင်း လုံခြုံရေးဆွေးနွေးပွဲ စတင်

ဓာတ်ပုံ - ရိုက်တာ
အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အဖွဲ့ဝင် နိုင်ငံတွေက ကာကွယ်ရေးဝန်ကြီးတွေ တက်ရောက်တဲ့ အာဆီယံဒေသတွင်း လုံခြုံရေး ဆွေးနွေးပွဲတွေကို ဖိလစ်ပိုင်နိုင်ငံ ကလာ့ခ်မြို့မှာ ဒီကနေ့ စတင်လိုက်ပါတယ်။ အကြမ်းဖက်ဝါဒ၊ မူးယစ်ကုန်ကူးမှုနဲ့ ပင်လယ်ပြင် ပဋိပက္ခတွေ အပါအဝင် ဒေသတွင်းမှာ ရင်ဆိုင်နေရတဲ့ လုံခြုံရေးကိစ္စတွေကို ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ ဒေသတွင်း အကြမ်းဖက် အစွန်းရောက်ဝါဒရဲ့ ခြိမ်းခြောက်မှုအရေးကို အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး (ADMM) ရဲ့ တရားဝင်ဆွေးနွေးမှု မတိုင်ခင် မနက်စာ အစည်းအဝေးအတွင်း ဆွေးနွေးခဲ့ပါတယ်။ ဖိလစ်ပိုင်နိုင်ငံဟာ အာဆီယံအဖွဲ့ရဲ့ ဒီနှစ်အတွက် အလှည့်ကျဥက္ကဋ္ဌ ဖြစ်ပါတယ်။ ၁၁ ကြိမ်မြောက် အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးနဲ့ ၄ ကြိမ်မြောက် အာဆီယံနဲ့ မဟာမိတ်နိုင်ငံများ ကာကွယ်ရေးဝန်ကြီးအဆင့် အစည်းအဝေး ADMM-Plus တွေကို ဖိလစ်ပိုင်နိုင်ငံမှာ တည်ခင်း ကျင်းပနေပါတယ်။ အာဆီယံနဲ့ မဟာမိတ်နိုင်ငံများ အစည်းအဝေးကိုတော့ သြစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ တောင်ကိုရီးယား၊ ရုရှားနဲ့ အမေရိကန်နိုင်ငံတွေက ကိုယ်စားလှယ်တွေ တက်ရောက်မှာပါ။ ADMM ရဲ့ ၃ နှစ်ကြာ စွမ်းဆောင်မှုတွေနဲ့အတူ ဖိလစ်ပိုင်ဟာ ကနဦးခြေလှမ်း အတော်များများကို တွန်းအားပေး ဆောင်ရွက်သွားမယ်လို့ ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီး ဒယ်လ်ဖင် လိုရန်ဇာနာက အဖွင့်မိန့်ခွန်းမှာ ပြောပါတယ်။ ဒီအစည်းအဝေးအတွင်း ပင်လယ်ပြင်ဆိုင်ရာ အပြန်အလှန် ဆက်ဆံရေး၊ ပညာရေးနဲ့ သင်တန်းပေးရေးအပြင် လေယာဉ်တွေ မတော်တဆ ထိပ်တိုက်ဆုံမိမှုတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ မူဘောင်ကို ချမှတ်နိုင်ဖို့ မျှော်လင့်တယ်လို့လည်း သူက ပြောပါတယ်။ အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံကြား ပွင့်လင်းမြင်သာမှု တိုးမြှင့်ဖို့၊ ကာကွယ်ရေးနဲ့ လုံခြုံရေး စိန်ခေါ်မှုတွေကို နားလည်မှု တိုးမြှင့်ပြီး အပြန်အလှန် ယုံကြည်မှုနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တိုးမြှင့်နိုင်ဖို့ ADMM က ရည်မှန်းထားပါတယ်။ ADMM-Plus အစည်းအဝေးကတော့ အာဆီယံ ကာကွယ်ရေးဝန်ကြီးတွေနဲ့ အာရှ-ပစိဖိတ် ဒေသတွင်း မိတ်ဘက်တွေကြား ထိတွေ့မှုရနိုင်ဖို့ အခြေခံအုတ်မြစ် ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up