Home
မြန်မာသတင်း
သီးနှံအိတ်ခွံအလေးချိန် မှန်ကန်စွာဝယ်ယူရေးအစိုးရကို တိုက်တွန်းကြောင်းအဆိုအနိုင်ရ
Aung Ko Latt
·
October 23, 2017
  မုံရွာကုန်စည်ဒိုင်မှာ သီးနှံအိတ်ခွံ တလုံးကို ၂၅ ကျပ်သားကနေ ၃၀ သားထိ သတ်မှတ်ထားတာကြောင့် တောင်သူတွေ နစ်နာနေတဲ့အတွက် အလေးချိန်မှန်ကန်စွာဝယ်ယူရေး အစိုးရကို တိုက်တွန်းကြောင်းအဆို ကန့်ကွက်သူရှိပေမယ့် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်မှာ အနိုင်ရရှိခဲ့ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာကုန်စည်ဒိုင်မှာ သီးနှံအိတ်ခွံတစ်လုံးကို ၂၅ ကျပ်သား၊ ၃၀ ကျပ်သားထားပြီး ဝယ်ယူနေတာကြောင့် တောင်သူတွေမှာ များစွာနစ်နာနေပြီး တိုင်တန်းမှုတွေ ရှိလာတဲ့အတွက် အမှန်တကယ်ရှိတဲ့ သီးနှံအိတ်ခွံတစ်လုံးရဲ့ အလေးချိန်အရှိအတိုင်း ဝယ်ယူနိုင် ရေး ဆောင်ရွက်ပေးရန် တိုင်းဒေသကြီးအစိုးရအဖွဲ့ကို တိုက်တွန်းကြောင်းအဆိုကို စစ်ကိုင်းတိုင်း ဒေသကြီးလွှတ်တော် စီးပွားရေး၊ ကူးသန်းရောင်းဝယ်ရေးနှင့် စည်ပင်သာယာရေးဆိုင်ရာ ကော်မတီက ဒီနေ့ကျင်းပတဲ့ တိုင်းဒေသကြီးလွှတ်တော်မှာ တင်သွင်းခဲ့တာပါ။ ဒီအဆိုကို မုံရွာမြို့နယ်၊ မဲဆန္ဒနယ်အမှတ် ၂ လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ကြည်က သီးနှံအသစ်မပေါ်သေးတာ၊ တိုင်ကြားသူ တောင်သူတွေ၊ ကုန်သည်တွေက မဲဆန္ဒရှင်တွေဖြစ်တာကြောင့် ပူးပေါင်းညှိနှိုင်းပြီး ငြိမ်းချမ်းစွာသဘောတူညီမှုကို ရယူသင့်ပြီး နောက်တစ်ကြိမ်ကျင်းပမယ့် လွှတ်တော်ကျမှသာ အဆိုတင်သင့်တယ်ဆိုပြီးကန့်ကွက်ခဲ့တာပါ။ အဆိုနဲ့ပတ်သက်ပြီး ကန့်ကွက်သူရှိလာတဲ့အတွက် လျှို့ဝှက်ဆန္ဒမဲပေးဆုံးဖြတ်ရာ မဲပေးခွင့်ရှိသူ ၉၂ဦးရှိတဲ့အထဲက ထောက်ခံသူ ၇၉ ဦး၊ ကန့်ကွက်သူ ၉ ဦး၊ ကြားနေ ၃ ဦး၊ ပယ်မဲ ၁ ဦးတို့ရရှိခဲ့တဲ့အတွက် အဆိုက အနိုင်ရရှိခဲ့ပါတယ်။ အဆိုတင်ခဲ့တဲ့ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် စီးပွားရေး၊ ကူးသန်းရောင်းဝယ်ရေးနှင့် စည်ပင်သာယာရေးဆိုင်ရာကော်မတီ အတွင်းရေးမှုး ဦးအောင်ကျော်က “ကျနော်တို့ကော်မတီကို ဘုတလင်မြို့နယ်ကတောင်သူတွေ၊ ယင်းမာပင်၊ ချောင်းဦး၊ မုံရွာမြို့နယ်က တောင်သူတွေကလာတိုင်ကြတယ်။ ဒီကိစ္စကိုလည်း လွှတ်တော်မှာအဆိုတင်ဖို့ ပြင်ထားတာ ကြာပြီ။ ဒါပေမယ့် အခုမှမေးခွင့်ရတာ။ ဒါတောင် ဒီနေ့လွှတ်တော် ပထမ အစီအစဉ်မှာ မပါဘူး။ လွှတ်တော်စခါနီး ဥက္ကဋ္ဌကို သွားပြောမှ အရင်ဝေထားတဲ့ အစီအစဉ် စာရွက်တွေပြန်သိမ်းပြီး ကျနော်တို့အဆိုပါတဲ့ နောက်ထပ်အစီအစဉ်စာရွက်ကိုဝေတာ။ ဒီစနစ်က ဟိုးအရင် အင်္ဂလိပ်လက်ထက် ဂုံနီအိတ်နဲ့ဝယ်တုန်းကတည်းသုံးလာတာလို့သိရတယ်။ ဒါကြောင့် မို့ တောင်သူတွေမျက်နှာထောက်ပြီး အဆိုတင်ရတာပါ”လို့ ဒီဗွီဘီကိုပြောပါတယ်။ မုံရွာကုန်စည်ဒိုင်ကို နေ့စဉ်သီးနှံမျိုးစုံအိတ်လုံးရေ အနည်းဆုံး ၃၀၀၀ကျော်ဝင်ရောက်နေပြီး တစ်အိတ်ကို ၂၅ ကျပ်သားနဲ့အလျော့တွက်ယူရင် တစ်နေ့ကို ပိဿာချိန် ၁၀၀၀ ဝန်းကျင်တောင်သူ တွေမှာ နစ်နာနေတယ်လို့ဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကုန်စည်ဒိုင်တာဝန်ရှိသူကို ဆက်သွယ်မေးမြန်းရာမှာတော့ မုံရွာကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးဇော်မိုးက“ကျနော်တို့ လာမယ့် ၈ ရက်နေ့ကျရင် ကုန်သည်ပွဲစားတွေ ဆွေးနွေးပြီး ၁၄ ရက်အတွင်းအပြီးသတ်ဆုံးဖြတ်မှာပါ။ အခြားကုန်စည်ဒိုင်ကြီးတွေဖြစ်တဲ့ ပခုက္ကူ၊ မန္တလေးစတဲ့ကုန်စည်ဒိုင်တွေနည်းတူ ၁၂ ကျပ်ခွဲသား၊ အဝက်သား သတ်မှတ်နိုင်ဖို့ လုပ်ဆောင် နေပါတယ်။ အရင် ၂၅ ကျပ်သားသတ်မှတ်ခဲ့တယ် ဆိုတာကလည်း အများသဘောဆန္ဒအရပါ”လို့ ပြောပါတယ်။ “ဒီကိစ္စက တောင်သူတွေတိုင်းမှာဖြတ်ခံရတာ။ တဦးတယောက်နဲ့တင်ဆိုင်တာ မဟုတ်ဘူး။ အရင်ကာလက တောင်သူတွေမှာ ဒီလိုနစ်နာမှုတွေကို ဘယ်မှာတင်ရမလဲ။ ဘယ်လိုတင်ရမလဲ ဆိုတာလည်း မသိဘူး။ တောင်သူတွေအတွက် အမှန်တကယ်နစ်နာနေလို့ ထောက်ခံဆွေးနွေး ခဲ့တာပါ”လို့လည်း လွှတ်တော်ကိုယ်စားလှယ် ဒေါ်နှင်းခိုင်စိုးကပြောပါတယ်။ ဒီအဆိုနဲ့ပတ်သက်ပြီး မနက်ဖြန်ကျင်းပမယ့် ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ပုံမှန် အစည်းအဝေးမှာ ဆွေးနွေးကြမှာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024