ခန္ဓာကိုယ်ကို ကြိုးဖြင့်ချည်ကာ ၉၈ ပေအမြင့်မှ ခုန်ချပြီး ကမ္ဘာ့စံချိန်တင်ရန် ကြိုးစား (ရုပ်သံ)

ဘရာဇီးနိုင်ငံ ဆော်ပိုလိုမြို့ကနေ တနာရီ ကားမောင်းခရီးမှာရှိတဲ့ ဟော်တိုလန်းဒီးယားမှာ လူ ၂၄၅ ယောက်ပါတဲ့ အုပ်စုတစုက သူတို့ကိုယ်သူတို့ ကြိုးနဲ့ချည်ပြီး ၉၈ ပေမြင့်တဲ့ တံတားပေါ်ကနေ အတူခုန်ချခဲ့ကြပါတယ်။ အောက်တိုဘာ ၂၂ ရက်နေ့ကလုပ်ခဲ့တဲ့ သက်စွန့်ဆံဖျား ဒီလုပ်ရပ်ဟာ ကြိုးနဲ့ခုန်ချတဲ့နေရာမှာ ကမ္ဘာ့စံချိန်တင်နိုင်ဖို့ ကြိုးစားမှုပါ။ တံတားပေါ်က ခုန်ချပွဲမှာ ပါဝင်ခဲ့သူတွေဟာ အဖြူရောင် ဘေးကင်းရေးဦးထုပ်တွေကို ဆောင်းထားကြပြီး တံတားပေါ်က ခုန်မချခင် သူတို့ကိုယ်သူတို့ ကြိုးနဲ့ချည်ထားကြပါတယ်။ သူတို့အားလုံး တပြိုင်နက်တည်းနီးပါး ခုန်ချခဲ့လို့ လွှဲယမ်းမှု ငြိမ်သွားချိန်မှာ တချို့က ကြိုးနဲ့ အပေါ်ကို ပြန်တက်ခဲ့ကြပါတယ်။ တချို့ကတော့ အောက်က ရေထဲကို ခုန်ဆင်းခဲ့ကြတာပါ။ ဒီစီမံကိန်းမှာ လူအယောက် ၄၀၀ ပါဝင်ခဲ့တယ်လို့ ဒီစတန့်ပွဲကို စီစဉ်သူက ပြောပါတယ်။ သက်မွေးဝမ်းကျောင်း တောင်တက်သမားတွေသုံးတဲ့ ကြိုးတွေကို သုံးခဲ့ပြီး ခုန်မချခင်  ကြိုးတွေကို စစ်ဆေးခဲ့တယ်၊ စုစုပေါင်း ကြိုးအရှည် ၁၂ မိုင်ထိနဲ့ ဆိုင်းကြိုး အခုတထောင် သုံးခဲ့တယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။ ဂင်းနစ် ကမ္ဘာ့စံချိန်အဖွဲ့ကတော့ ဒီအရေးကို အတည်ပြုတဲ့ တရားဝင် ကြေညာချက် မထုတ်ပြန်သေးပါဘူး။ ဒါပေမယ့် ၂၀၁၆ ဧပြီမှာ ဘရာဇီးက လူ ၁၄၉ ယောက်ပါတဲ့ အုပ်စုတစုက အခုလို ကြိုးစားခဲ့ဖူးပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up