မလေးရှား ဆောက်လုပ်ရေးလုပ်ငန်းခွင် မြေပြိုမှုကြောင့် သေဆုံးသူ ၁၁ ဦးရှိ

ဓာတ်ပုံ - ရိုက်တာ
မလေးရှားနိုင်ငံ အနောက်မြောက်ပိုင်း၊ ပီနန်ပြည်နယ်ရဲ့ မြို့တော် ဂျော့ခ်ျတောင်းက ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ အောက်တိုဘာ ၂၁ ရက်နေ့က မြေပြိုမှုကြောင့် နိုင်ငံခြားသား အလုပ်သမား ၁၁ ဦး သေဆုံးတယ်လို့ အာဏာပိုင်တွေကပြောကြောင်း ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြထားပါတယ်။ အရင်ဆုံး သေဆုံးမှု ခန့်မှန်းအရေအတွက် ၁၄ ဦးဖြစ်ပေမယ့် အလုပ်သမား ၃ ဦးက လွတ်မြောက်ခဲ့တယ်လို့ ပီနန်ပြည်နယ် မီးသတ်နဲ့ ကယ်ဆယ်ရေးဌာန၊ စစ်ဆင်ရေး ဒုတိယအကြီးအကဲ အာဗင်ဂလန်တီရူကီက ပြောပါတယ်။ အောက်တိုဘာ ၂၂ ရက် မနက်မှာ အလောင်း ၇ လောင်း တွေ့ရှိခဲ့ပြီး မြေပြိုမှုအတွင်း သေဆုံးသူ နိုင်ငံခြားသား အလုပ်သမားတွေက အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာနဲ့ ပါကစ္စတန်နိုင်ငံတွေကလို့ မီးသတ်အရာရှိတွေက အစောပိုင်းမှာ ပြောပါတယ်။ ဆောက်လုပ်ရေး လုပ်ငန်းခွင်ရဲ့ ကြီးကြပ်ရေးမှူး မလေးရှားလူမျိုးလည်း ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။ ၄၉ ထပ်မြင့်တဲ့ ကွန်ဒိုမီနီယံ မိုးမျှော်တိုက် ၂ လုံး ဆောက်လုပ်နေတဲ့ လုပ်ငန်းခွင်မှာ မြေပြိုမှုဖြစ်ခဲ့ပြီး ဖြစ်ပွားရတဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။ စုံစမ်းမှုတွေကို စောင့်ဆိုင်းပြီး ဆုံးဖြတ်ချက် မကျသေးလို့ လုပ်ငန်းခွင် ရပ်နားထားဖို့ အမိန့်ထုတ်ထားတယ်လို့ ပီနန်ကျွန်း မြို့တော်ဝန်ရဲ့ ပြောကြားချက်အရ သိရပါတယ်။ အဲဒီနေရာက တခြား လူနေအဆောက်အအုံတွေနဲ့ စီးပွားရေးလုပ်ငန်းဆိုင်ရာ မိုးမျှော်တိုက်တွေကို ဆက်လက် ဆောက်လုပ်နေပါတယ်။ ဒီဒေသဝန်းကျင်က တောင်ကုန်းနေရာတွေမှာ အထပ်မြင့်အဆောက်အအုံတွေ များလာလို့ အရင်က ဆန္ဒပြခဲ့ကြောင်း ဒေသခံတွေနဲ့ တက်ကြွလှုပ်ရှားသူတချို့က ပြောလိုက်ပြီး အခုအဖြစ်အပျက်ကြောင့် အဲဒီလူတွေ ဒေါသထွက်နေကြတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up