Home
မြန်မာသတင်း
ကျိုက်ထီးရိုးတွင် အစားအသောက်နှင့် အသုံးအဆောင်များ လိမ်လည်ရောင်းချသူများကို အရေးယူမည်
DVB
·
October 23, 2017
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မှာ ဘုရားဖူးလာ ခရီးသွားပြည်သူတွေကို အစားအသောက်နဲ့ အသုံးအဆောင်ပစ္စည်းတွေ လိမ်လည်ရောင်းချနေတဲ့ ဈေးသည်တွေကို အရေးယူ ဆောင်ရွက်သွားမယ်လို့ ကျိုက်ထီးရိုးဂေါပကအဖွဲ့က ပြောပါတယ်။ ကျိုက်ထီးရိုးစေတီတော် အနီးတဝိုက်မှာ ရောင်းချနေတဲ့ ဈေးသည်အများစုဟာ အကြော်အလှော်တွေ၊ ချိုချဉ်ငန်စပ်နဲ့ တုတ်ထိုးတွေကို အကြိမ်ကြိမ် ပြန်ကြော်ထာားတာတွေ အပြင် ယင်နားစာတွေကြောင့် ဘုရားဖူးတွေ ကျန်းမာရေးကို ထိခိုက်စေတဲ့အတွက် အရေးယူမှာ ဖြစ်တယ်လို့ ကျိုက်ထီးရိုးဂေါပကအဖွဲ့ဝင် ဦးအေးမြင့်သိန်းက ပြောပါတယ်။ “ဘုရားဖူးတွေ မနက် ဘုရားဖူးတဲ့အချိန် ဝမ်းလျှောတာတွေ ရှိတယ်။ ရင်ပြင်တော်မှာ ရောင်းတာတွေက ယင်ကောင်နားနား ဘာနားနား အဖုံးမရှိဘဲ ရောင်းနေတယ်။ သူတို့ နောက်တခါ အဲဒီလိုတွေရောင်းရင် တည်ဆဲဥပဒေအရ တရားစွဲမယ်။ ဘုရားဖူး လာတဲ့သူတွေက သူတို့ ရောင်းတာတွေစားပြီး တခုခုဖြစ်သွားရင် ကျိုက်ထီးရိုးလည်း နာမည်ပျက်ပါတယ်။ နောက် မရောင်းဖို့အတွက် ခံဝန်ကတိတွေနဲ့တော့ လုပ်ထားတယ်။” ကျိုက်ထီးရိုးဂေါပက အသစ်လက်ထက်မှာ အခုလို ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေနဲ့ လိမ်လည်ရောင်းချတာတွေကို လုံးဝ ပပျောက်သွားအောင် ဆောင်ရွက်သွားမှာ ဖြစ်ကာ နံ့သာဖြူ ကရမက်ဆိုပြီး လိမ်ရောင်းနေသူတွေကိုလည်း သတိပေးခဲ့တယ်လို့ ဦးအေးမြင့်သိန်းက ပြောပါတယ်။ “သစ်တုံးပေါ်မှာ နံ့သာဖြူအဆီလေး သုတ်လိုက်ပြီး အပိုင်းပိုင်းတုံးပြီး ပြုတ်လိုက်တယ်။ ပြုတ်ပြီးလို့ နေလှန်းပြီးသွားရင် အနံ့က စွဲနေတော့ အဲဒါကို ဘုရားဖူးတွေဆီ လိမ်ရောင်းနေတာ။ ဦးတို့ ဂေါပကအသစ် လက်ထက်မှာတော့ ဒါမျိုးတွေ လုံးဝပပျောက်အောင် ကြိုးစားနေတယ်။” ဒါ့အပြင် လာရောက်ရောင်းချနေတဲ့ ဈေးသည်တွေရဲ့ ပစ္စည်းတွေဟာ ကျန်းမာရေးနဲ့ မညီညွတ် တားမြစ်အရေးယူရတာ ဖြစ်ပြီး ၄င်းတို့ကို မည်သည့်အခွန်မှ ကောက်ထားခြင်း မရှိကြောင်း ကျိုက်ထီးရိုးစေတီတော် သာသနာမှူး ဦးဝေနိုင်က ပြောပါတယ်။ “အရေးယူနေတာတွေကတော့ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းနဲ့ မညီလို့၊ ဈေးမရောင်းရတဲ့ နေရာတွေမှာ ရောင်းလို့၊ ပျံကျဈေးသည်တွေကို ဘာအခွန်မှ မကောက်ဘူး။ အခွန်ဆိုတာလည်း မရှိဘူး။ ဘုရားအလှူငွေပဲ ရှိတယ်။ ဘုရားအလှူငွေလည်း သူတို့ဆီမှ ဘာမှ မကောက်ခံထားဘူး။” ပျံကျဈေးသည် ၂၂ ဦးရဲ့ အစားအသောက်တွေကို ကျန်းမာရေးနဲ့ မညီညွတ်တဲ့အတွက် အောက်တိုဘာလ ၂၁ ရက်နေ့က ဖျက်ဆီးခဲ့ပြီး အောက်တိုဘာလ ၁၄ ရက်နေ့ကလည်း နံ့သာဖြူ ကရမက် လိမ်လည်ရောင်းချသူ ၂ ဦး ကျိုက်ထီးဘုရားပေါ်က ချိုချဉ်သည် ၆ ဦး၊ ဗယာကြော်သည် ၃ ဦး၊ ကြက်ကြော်သည် ၆ ဦး၊ စုစုပေါင်း ဈေးသည် ၁၅ ဦးတို့ကို ခံဝန်ကတိ လက်မှတ်ထိုးစေခဲ့ပြီး ၄င်းတို့ ရောင်းချနေတဲ့ အစားအသောက်နဲ့ အသုံးအဆောင်တွေကို ဖျက်ဆီးခဲ့ပါတယ်။ သတင်း - အာကာမင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024