လေ့ကျင့်ပျံသန်းစဉ် ပျက်ကျသွားသည့် G-4 ဂျက်လေယာဉ်အပိုင်းအစများ တွေ့ရှိ
DVB
·
October 23, 2017
လေ့ကျင့်ပျံသန်းစဉ် ပျက်ကျသွားခဲ့တဲ့ တပ်မတော်(လေ)မှ G-4 ဂျက်လေယာဉ်ရဲ့ အပိုင်းအစတွေ ပြန်လည်ရှာဖွေတွေရှိပြီး လေယာဉ်မှူး ၂ ဦး သေဆုံးမှုကို အတည်ပြုနိုင်တဲ့အကြောင်း တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။
G-4 ဂျက်လေယာဉ်ဟာ စက်တင်ဘာ ၅ ရက် မနက်ကတည်းက ပုသိမ်-ဟင်္သာတ-ဂွ-ပုသိမ် လမ်းကြောင်းအတိုင်း လေ့ကျင့်ပျံသန်းစဉ် ပျောက်ဆုံးသွားခဲ့တာဖြစ်ပြီး အောက်တိုဘာ ၁၈ ရက်နေ့မှာ လေယာဉ်အပိုင်းအစတွေကို ဂွမြို့ရဲ့ တောင်ဘက် ၁၂ မိုင်ခန့်အကွာရှိ တောင် ၂ လုံးအကြား လျှိုမြောင်ထဲ ပြန်လည်တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။
အဆိုပါ လေယာဉ်ပျက်ကျတဲ့ နေရာအနားမှာ အောက်တိုဘာ ၂၀ ရက်က လေယာဉ်မှူး ဗိုလ်မှူးကောင်းထိုက် ဝတ်ဆင်တဲ့ လက်ပတ်နာရီ D-Ziner အစိတ်အပိုင်းတွေ၊ လေသူရဲဖိနပ်တဖက်၊ တွဲဖက်လေယာဉ်မှူး ဗိုလ်ကြီးသော်ဇင်စိုး ဝတ်ဆင်တဲ့ Seiko လက်ပတ်နာရီ အစိတ်အပိုင်းတွေ၊ မီးလောင်ပျက်စီးနေတဲ့ ခန္ဓာကိုယ် အရိုးအစိတ်အပိုင်းတချို့ကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် လေသူရဲထိုင်ခုံ ၁ ခုစီနဲ့ တွဲရက်ရှိတဲ့ လေထီး၊ တောတွင်းသက်ကယ်ကူ ပစ္စည်းစုံအိတ် (Survival Kit) ၂ စုံစီတို့ကိုလည်း ရှာဖွေတွေ့ရှိခဲ့ရာ ရှာဖွေရေးအဖွဲ့နဲ့ ဆေးမှူးတို့ရဲ့ အတည်ပြုချက်အရ အဆိုပါ လေယာဉ်မှူး ၂ ဦးဟာ လေယာဉ်ပျက်ကျပြီးနောက် နေရာမှာပဲ သေဆုံးသွားခဲ့ကြောင်း တပ်မတော်က အတည်ပြုထုတ်ပြန်ထားပါတယ်။
လေယာဉ်ပျက်ကျရတဲ့ အကြောင်းရင်းကိုတော့ မသိရှိရသေးဘဲ စုံစမ်းစစ်ဆေးရေး အဖွဲ့တွေနဲ့ ဆက်လက်ဖော်ထုတ်နေတယ်လို့ သိရပါတယ်။
ဓာတ်ပုံ-CINCDS