လေ့ကျင့်ပျံသန်းစဉ် ပျက်ကျသွားသည့် G-4 ဂျက်လေယာဉ်အပိုင်းအစများ တွေ့ရှိ

လေ့ကျင့်ပျံသန်းစဉ် ပျက်ကျသွားခဲ့တဲ့ တပ်မတော်(လေ)မှ  G-4 ဂျက်လေယာဉ်ရဲ့ အပိုင်းအစတွေ ပြန်လည်ရှာဖွေတွေရှိပြီး လေယာဉ်မှူး ၂ ဦး သေဆုံးမှုကို အတည်ပြုနိုင်တဲ့အကြောင်း တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။ G-4 ဂျက်လေယာဉ်ဟာ စက်တင်ဘာ ၅ ရက် မနက်ကတည်းက ပုသိမ်-ဟင်္သာတ-ဂွ-ပုသိမ် လမ်းကြောင်းအတိုင်း လေ့ကျင့်ပျံသန်းစဉ် ပျောက်ဆုံးသွားခဲ့တာဖြစ်ပြီး အောက်တိုဘာ ၁၈ ရက်နေ့မှာ လေယာဉ်အပိုင်းအစတွေကို  ဂွမြို့ရဲ့ တောင်ဘက် ၁၂ မိုင်ခန့်အကွာရှိ တောင် ၂ လုံးအကြား လျှိုမြောင်ထဲ ပြန်လည်တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။ အဆိုပါ လေယာဉ်ပျက်ကျတဲ့ နေရာအနားမှာ အောက်တိုဘာ ၂၀ ရက်က လေယာဉ်မှူး ဗိုလ်မှူးကောင်းထိုက် ဝတ်ဆင်တဲ့ လက်ပတ်နာရီ D-Ziner အစိတ်အပိုင်းတွေ၊ လေသူရဲဖိနပ်တဖက်၊ တွဲဖက်လေယာဉ်မှူး ဗိုလ်ကြီးသော်ဇင်စိုး ဝတ်ဆင်တဲ့ Seiko လက်ပတ်နာရီ အစိတ်အပိုင်းတွေ၊ မီးလောင်ပျက်စီးနေတဲ့ ခန္ဓာကိုယ် အရိုးအစိတ်အပိုင်းတချို့ကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လေသူရဲထိုင်ခုံ ၁ ခုစီနဲ့ တွဲရက်ရှိတဲ့  လေထီး၊ တောတွင်းသက်ကယ်ကူ ပစ္စည်းစုံအိတ် (Survival Kit) ၂ စုံစီတို့ကိုလည်း ရှာဖွေတွေ့ရှိခဲ့ရာ ရှာဖွေရေးအဖွဲ့နဲ့ ဆေးမှူးတို့ရဲ့ အတည်ပြုချက်အရ အဆိုပါ လေယာဉ်မှူး ၂ ဦးဟာ လေယာဉ်ပျက်ကျပြီးနောက် နေရာမှာပဲ သေဆုံးသွားခဲ့ကြောင်း တပ်မတော်က အတည်ပြုထုတ်ပြန်ထားပါတယ်။ လေယာဉ်ပျက်ကျရတဲ့ အကြောင်းရင်းကိုတော့ မသိရှိရသေးဘဲ  စုံစမ်းစစ်ဆေးရေး အဖွဲ့တွေနဲ့  ဆက်လက်ဖော်ထုတ်နေတယ်လို့ သိရပါတယ်။ ဓာတ်ပုံ-CINCDS

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up