ဟယ်ရီကိန်း ၂ ဂိုးသွင်းပြီး စပါးက လီဗာပူးကို ၄ ဂိုး ၁ ဂိုးဖြင့်နိုင် (ရုပ်သံဟိုက်လိုက်)

ဒီတပတ်ရဲ့ စူပါဆန်းဒေး ဒုတိယပွဲစဉ်မှာ စပါးအသင်းက မာဆေးလ်ဆိုဒ်အသင်းဖြစ်တဲ့ လီဗာပူးအသင်းကို အိမ်ကွင်းမှာ ၄ ဂိုး ၁ ဂိုးနဲ့ ပြတ်ပြတ်သားသား အနိုင်ရခဲ့ပါတယ်။ လတ်တလော ကစားသမားစုဖွဲ့မှု အကောင်းဆုံးပုံစံရနေတဲ့ စပါးအသင်းဟာ ပွဲစတာနဲ့ လီဗာပူးအသင်းကို တရစပ်ဖိကစားခဲ့ပြီး ပွဲအစ ၄ မိနစ်မှာပဲ ဟယ်ရီကိန်းက ဦးဆောင်ဂိုး သွင်းယူခဲ့ပါတယ်။ အဲ့ဒီနောက် ပွဲကစားချိန် ၁၂ မိနစ်မှာတော့ ဆွန်ဟောင်မင်က ဒုတိယဦးဆောင်ဂိုးကို ဟယ်ရီကိန်းရဲ့ ဖန်တီးပေးပို့မှုကတဆင့် သွင်းယူသွားခဲ့ပြီး ၂၄ မိနစ်မှာတော့ လီဗာပူးတိုက်စစ်မှူး မိုဟာမက်ဆာလက်က ချေပဂိုးတဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ ကွင်းလယ်နဲ့ တိုက်စစ် ကောင်းပေမယ့် ကမ္ဘာ့အဆင့်ရှိ နောက်ခံလူ ရှားပါးတဲ့ လီဗာပူးတို့ စပါးရဲ့ ဖိအားပေးကစားမှုအောက်က ရုန်းမထွက်နိုင်ခဲ့ဘဲ ပွဲချိန်ကြာလာတာနဲ့အမျှ ကစားကွက်ပျက်လာခဲ့ပါတယ်။ ဒါကြောင့် ပထမပိုင်းပြီးခါနီးမှာ အယ်လီက တတိယဂိုး သွင်းယူခဲ့ပါတယ်။ ဒုတိယပိုင်းမှာလည်း ဒီနေ့ပွဲရဲ့ အကောင်းဆုံးကစားသမား ဟယ်ရီကိန်းက ၄ ဂိုးမြောက်ဂိုးကို သွင်းယူခဲ့ပြီး ပွဲအပြီးမှာတော့ စပါးအသင်းက ၄ ဂိုး ၁ ဂိုးနဲ့ ပြတ်ပြတ်သားသား အနိုင်ရခဲ့ပါတယ်။ ဟယ်ရီကိန်းဟာ စပါးအသင်း အိမ်ကွင်းအဖြစ် ခေတ္တကစားနေရတဲ့ ဝင်ဘလေကွင်းမှာ ဂိုးမသွင်းနိုင်သေးတဲ့ မှတ်တမ်းဆိုးကို ချေဖျက်နိုင်ခဲ့ပါတယ်။

More News
Up