ယာဉ်ကြောပိတ်ဆို့မှုမှ ကာကွယ်ရန် လမ်းလယ်မျဉ်းပေါ်မှ သွားမည့်ယာဉ် (ရုပ်သံ)

ဆိုးရွားတဲ့ ယာဉ်ကြောပိတ်ဆို့မှုကို သက်သာစေဖို့ လမ်းလယ်မျဉ်းပေါ်ကနေ သွားလာမယ့် ယာဉ်တမျိုးကို တူရကီ အင်ဂျင်နီယာကုမ္ပဏီက ပုံစံထုတ်ခဲ့ပါတယ်။ ဒါဟာ အနာဂတ်မှာ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေး လုပ်ငန်းအတွင်း အမြန်ဆုံးနည်းလမ်း ဖြစ်လာကောင်း ဖြစ်လာနိုင်တယ်လို့ မီဒီယာတွေက သုံးသပ်ပါတယ်။ ရုရှားလူမျိုး တူရကီနိုင်ငံသား အင်ဂျင်နီယာ ဒါဟီယာ ဆေမီနော့ဗ်နဲ့ သူ့အဖွဲ့ဟာ ဘီး ၂ လုံးတပ်ပြီး ဘီးလည်အားနဲ့ ယာဉ်ကို မယိမ်းယိုင် မတုန်ခါအောင် ထိန်းတဲ့ စနစ်ကို သုံးထားတဲ့ ယာဉ်ကို ပုံစံထုတ်ခဲ့တာပါ။ ဒီယာဉ်ဟာ သံလမ်းတခုတည်းပေါ်မှာ သွားလာနိုင်ပါတယ်။ အင်ဂျင်နီယာ အယောက်၂၀ ပါတဲ့ သူတို့အဖွဲ့ဟာ အနာဂတ်မှာ သုံးမယ့် ဘတ်စ်ကား ရထားနဲ့ မီးသတ်ကား ပုံစံတွေကိုလည်း ပုံစံထုတ် ဒီဇိုင်းရေးဆွဲခဲ့ပါတယ်။ “ဒီပုံစံ သယ်ယူပို့ဆောင်ရေးဟာ အနာဂတ် မြို့တွေထဲမှာ ဘတ်စ်ကားတွေ ဓာတ်ရထားတွေ ကို ကျော်တက်နိုင်မယ် ဆိုတဲ့ နေရာမှာ အသေးဆုံး သံသယတောင် မရှိဘူ၊း ထိရောက်ကာ စီးပွားရေး တွက်ခြေကိုက်ပြီး ဘေးကင်းတဲ့ သဘာဝပတ်ဝန်းကျင်နဲ့ လိုက်လျော ညီထွေဖြစ်တဲ့ သက်တောင့်သက်သာရှိတဲ့ သယ်ယူပို့ဆောင်ရေးကို ပေးဖို့ အလားအလာ အများကြီး ရှိတယ်” လို့ ဒါဟီယာက သူ့ရဲ့ လူမှုကွန်ရက် အင်တာနက် စာမျက်နှာကနေ ပြောပါတယ်။ သူ့ရဲ့ သံလမ်း တလမ်းတည်းသွားယာဉ်ဟာ တီထွင်မှု အသစ်မဟုတ်ဘဲ သိပ္ပံပညာရှင်တွေက လွန်ခဲ့တဲ့ နှစ်တရာ လောက်တည်းက ဒီပုံစံကို စမ်းသပ်နေခဲ့တယ်လို့လည်း သူက ပြောပါတယ်။ အခုတော့ ဒီအတွေးအခေါ်ကို ပြန်ဆန်းသစ်ပြီး လက်တွေ့ အကောင်အထည်ဖော်ရမယ့် အချိန်ပဲလို့ ဒါဟီယာက ပြောခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up