၂၀၀၈ အခြေခံဥပဒေ၏ အာခီလီး ခြေဖနောင့်တစုံ

    အာခီလီး ခြေဖနောင့် (Achilles heel) ဆိုသည်မှာ သေးငယ်သော်လည်း အခရာကျသည့် အားနည်းချက်ကို ဆိုလိုသည်။ ထိုဥပမာစကား (Idiom) ပေါ်ပေါက်သည့် ကာလမှာ ၁၉ ရာစု နှစ်ကာလ (အတိအကျအားဖြင့် ၁၈၁၀ ပြည့်နှစ်)လောက်တွင် ဖြစ်သော်လည်း အာခီလီး ဆိုသည့် ဂရိသူရဲကောင်းပုံပြင် ပေါ်ပေါက်ခဲ့သည်မှာ ထို့ထက် စောသည်။ ထိုဂရိပုံပြင်အရ အာခီလီးမှာ ထရိုဂျင်စစ်ပွဲ ကာလအတွင်းက သူရဲကောင်းတယောက် ဖြစ်၏။ အာခီလီးကို မိခင် သဲတစ် (Thetis) နှင့် ဖခင် ပီးလီးယပ် (Peleus) တို့မှ မွေးဖွားသည်။ အာခီလီး ကလေးဘဝအရွယ်တွင် အသက်ငယ်ငယ်နှင့် သေလိမ့်မည်ဟု နိမိတ်ဖတ်ခံရသောကြောင့် ကာကွယ်ရန်အလို့ငှာ  သူ့မိခင်က အာခီလီးကို ခြေဖနောင့်မှ ကိုင်ကာ စတစ်မြစ်ရေ (River Styx) တွင် စိမ်လိုက်၏။ စတစ်မြစ်ရေက မထိခိုက်၊ မနာကျင်၊ မသေစေနိုင်သော စွမ်းအားကို ပေးသည်။ သို့သော် မြစ်ရေမထိလိုက်ရသော ခြေဖနောင့်အစုံသည်ကား ထိုအစွမ်းကို မရရှာ။ ထိုနေရာကား အာခီလီး၏ အားနည်းချက် ဖြစ်တော့သည်။ အာခီလီး အရွယ်ရောက်သောအခါ တိုက်ပွဲပေါင်းများစွာကို တိုက်ခိုက်အောင်မြင်ပြီး မသေနိုင်သော သူရဲကောင်းတဦး ဖြစ်လာသည်။ သို့သော်လည်း တခုသော တိုက်ပွဲတွင် အဆိပ်လူးသောမြားသည် အာခီလီး၏ ခြေဖနောင့်ကို မှန်လေရာ အဆိပ်သင့်၍ သေလေတော့သည်။ သို့ဖြစ်၍ “အာခီလီး ခြေဖနောင့်” ဆိုသည့် ဝေါဟာရမှာ မသေနိုင်သော လူသန်ကြီးပင် ဖြစ်လင့်ကစား အားနည်းချို့ယွင်းသော သေကွင်း ရှိတတ်သည်ဆိုသည့် သဘောကို ပြောလိုခြင်း ဖြစ်သည်။ အင်္ဂလိပ်စာ အီဒီယမ်တွင် အသုံးပြုလေ့ရှိသည့် အာခီလီး၏ ခြေဖနောင့် (Achilles heel) ဆိုသည်ကို စကားပလ္လင်ခံနေရသည့် အကြောင်းရင်းမှာ ပြင်ဆင်ရန် အလွန်ခက်ခဲပါသည်ဟု ဆိုနေကြသော ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အားနည်းချက်၊ တနည်းအားဖြင့် အခြေခံဥပဒေ ပြင်ဆင်ခြင်းကို အစပြနိုင်သော နေရာကို ပြောပြလို၍ ဖြစ်သည်။ တပ်မတော်က ချုပ်ကိုင်ထားသော အခြေခံဥပဒေ ၂၀၀၈ ခုနှစ် အခြေခံဥပဒေတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အခန်းကဏ္ဍမှာ ကြီးမားသည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြည်ထောင်စုနှင့် ပြည်နယ်၊ တိုင်းဒေသကြီးများရှိ လွှတ်တော်အသီးသီး၏ ၂၅% သော တပ်မတော်သား ကိုယ်စားလှယ်များကို စေလွှတ်တာဝန်ပေးနိုင်သည့်ပြင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသ ဦးစီး အဖွဲ့ဝင် လေးပုံတပုံကိုလည်း ရွေးချယ်ပေးနိုင်ခွင့်ရှိသည်။ ပြည်ထောင်စုအစိုးရအဖွဲ့တွင် ဒုတိယသမ္မတတဦးကို ၂၅% သော တပ်မတော်သား ကိုယ်စားလှယ်များမှတဆင့် ရွေးချယ်ပေးနိုင်သလို၊ ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးနှင့် နယ်စပ်ရေးရာ ဝန်ကြီးတို့ကိုလည်း ရွေးချယ်ပေးနိုင်သည်။ ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များတွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာ တာဝန်ထမ်းဆောင်နိုင်ရန် တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးလောင်းများကို ရွေးချယ်ပေးနိုင်သလို၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသ ဦးစီးအဖွဲ့များတွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာ တာဝန်များ ထမ်းဆောင်မည့် ပုဂ္ဂိုလ်များကိုလည်း ရွေးချယ်ပေးနိုင်သည်။ ထို့ပြင် ပြည်ထောင်စုနယ်မြေဖြစ်သည့် နေပြည်တော်ကောင်စီတွင် လုံခြုံရေးရာ ကိစ္စရပ်များကို ညှိနှိုင်းပေါင်းစပ်ပေးသည့် တာဝန်ကို ထမ်းဆောင်ရန်အတွက် ကောင်စီဝင်ကိုလည်း ရွေးချယ်ပေးနိုင်သည်။ ထို့ပြင် နိုင်ငံတွင်း ဘေးအန္တရာယ် ကျရောက်သည့်ကိစ္စများနှင့်ပတ်သက်၍ တပ်မတော်က လွတ်လပ်စွာ ကူညီခွင့်ရှိသကဲ့သို့ နိုင်ငံတော်အား ပြည်တွင်း ပြည်ပအန္တရာယ်များမှ ကာကွယ်ရန် တပ်မတော်က ဦးဆောင်ရမည်ဟု ဆိုထားသဖြင့် ကာကွယ်ရေးဦးစီးချုပ်သည် သမ္မတ သို့မဟုတ် အစိုးရ၏ ညွှန်ကြားမှုမပါဘဲ လွတ်လပ်စွာ ဆောင်ရွက်ခွင့်ရှိသည်ဟု အခြေခံဥပဒေက ဆိုလေသည်။ အရေးကြီးဆုံးကိစ္စမှာ အခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စ ဖြစ်သည်။ အခြေခံဥပဒေ တရပ်သည် တိုင်းပြည်၏ အနာဂတ် ကံကြမ္မာ အဆိုး အကောင်းကို ဖန်တီးနိုင်သည်။ အခြေခံဥပဒေက ဗဟိုချုပ်ကိုင်မှု သိပ်များလွန်းနေပြီး တိုင်းရင်းသားဒေသများက ကိုယ်ပိုင်ဆုံးဖြတ်ခွင့် နည်းလွန်းနေလျှင် ပြည်တွင်းစစ်မီး ချုပ်ငြိမ်းဖို့ ခဲယဉ်းပြီး ဆင်းရဲတွင်း နက်မြဲနက်နေမည်။ အခြေခံဥပဒေက ဗဟိုကို လုပ်ပိုင်ခွင့်အာဏာ အနည်းအကျဉ်းသာ ပေးထားမိလျှင် အင်အားချည့်နဲ့၍ ဘာကိုမျှ ဖြစ်ဖြစ်မြောက်မြောက် မဆောင်ရွက်နိုင်သည့် နိုင်ငံတော်တရပ် ဖြစ်လိမ့်မည်။ သို့ဖြစ်လေရာ အခြေခံဥပဒေမှာ ဗဟိုက ချုပ်ကိုင်မှု လွန်ကဲလွန်းနေလျှင် မကောင်းသလို၊ ဗဟိုလုပ်ပိုင်ခွင့်အာဏာ လျော့နည်းလွန်းနေလျှင်လည်း မကောင်းချေ။ ဤနှစ်ခုအကြားတွင် ဟန်ချက်ညီရန်ကိစ္စမှာ အရေးကြီးပြီး မည်သို့ဖြစ်သင့်သည်၊ မည်သို့ ပြင်ဆင်မည် ဆိုသည့်ကိစ္စမှာ အားလုံး ဝိုင်းဝန်းတိုင်ပင် ဆွေးနွေးအဖြေရှာရမည့်ကိစ္စ ဖြစ်သည်။ ထိုသို့ နိုင်ငံအတွက် အလွန်အရေးကြီးသည့် ကိစ္စမျိုးတွင် တဦးတယောက်တည်း၏ သဘောထားဆန္ဒက အဓိကဖြစ်နေခြင်းမျိုးသည် မကောင်း၊ ဒီမိုကရေစီစံနှုန်းများနှင့် မကိုက်ညီချေ။ သို့ဖြစ်လေရာ ကာကွယ်ရေးဦးစီးချုပ်ကို သဘောထား မတင်းမာသူ၊ အရပ်ဘက်နှင့် ဆက်ဆံရေးကောင်းမွန်သူ၊ တနည်းအားဖြင့် နိုင်ငံတော်သမ္မတ သြဇာညောင်းသူကို ရွေးချယ်ခန့်အပ်နိုင်လျှင် အခြေခံဥပဒေပြင်ဆင်နိုင်ရေး လမ်းစတွေ့ပြီဟု ဆိုနိုင်သည်။ ကာကွယ်ရေးဦးစီိးချုပ် ခန့်အပ်သည့် ပုဒ်မနှင့် ပထမ ‘ဟ’ ပေးထားချက် ၂၀၀၈ ခုနှစ် အခြေခံဥပဒေပြင်ဆင်နိုင်ရန်အတွက် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များ၏ ၇၅% ကျော်သော မဲကို ရရှိရန် လိုအပ်ကြောင်း အခြေခံဥပဒေပုဒ်မ ၄၃၆ (က) နှင့် (ခ) က ဆိုထားသည်။ ပြည်ထောင်စုလွှတ်တော်တွင် ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားသော ကိုယ်စားလှယ်များမှာ ၇၅ % တိတိသာရှိသဖြင့်၊ တပ်မတော်သား ကိုယ်စားလှယ်များ မထောက်ခံလျှင် အခြေခံဥပဒေမှာ မည်သို့မျှပြင်၍မရနိုင်။ အခြားအဓိပ္ပာယ်နှင့်ဆိုရလျှင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် သဘောမတူလျှင် အခြေခံဥပဒေ၏ မည်သည့်ပြင်ဆင်ချက်မျှ အောင်မြင်လိမ့်မည် မဟုတ်ချေ။ အကြောင်းမှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က သူ မကြိုက်သော မည်သည့် လွှတ်တော်ကိုယ်စားလှယ်ကိုမဆို အကြောင်းပြချက် လလို၊ အချိန်မရွေး လူစားထိုး တာဝန်ပေးအပ်နိုင်သောကြောင့် ဖြစ်၏။ သို့ဖြစ်၍ ၂၀၀၈ ခုနှစ် အခြေခံဥပဒေတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အခန်းကဏ္ဍ မည်မျှကြီးမား၊ အရေးပါကြောင်း မှန်းဆ၍ ရလောက်ပေပြီ။ ထို့အတူ ၂၀၀၈ ခုနှစ် အခြေခံဥပဒေသည်လည်း ကမ္ဘာတွင် ပြင်ဆင်ရန် အခက်ခဲဆုံး ကွန်စတီးကျူးရှင်း တခုဟု ပြောဆိုလေ့ရှိကြသည်။ ထိုသို့ပြင်ဆင်ရန် ခက်ခဲသော အခြေခံဥပဒေတွင် အားနည်းချက် သို့မဟုတ် ဝင်ရောက်ရန် နေရာမရှိ မဟုတ်ပါ။ သူသည်လည်း အာခီလီးကဲ့သို့ အားနည်းသည့်နေရာ ရှိပါသည်။ ထိုနေရာမှာ ပုဒ်မ ၃၄၂ ဖြစ်သည်။ ပုဒ်မ ၃၄၂ ။ ‘နိုင်ငံတော်သမ္မတသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ အဆိုပြု ထောက်ခံချက်ဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ခန့်အပ်တာဝန်ပေးရမည်’ ဟု ဆိုထားပြီး- တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကွယ်လွန် သို့မဟုတ် နုတ်ထွက် အနားယူသွားလျှင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် အလိုအလျောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန်ကို ထမ်းဆောင်ရမည်” ဟု အခြေခံဥပဒေတွင် ပြဋ္ဌာန်းမထားခြင်းမှာ ပထမ ‘ဟ’ပေးထားချက် ဖြစ်သည်။ ထိုသို့သာ ပြဋ္ဌာန်းထားခဲ့ပါက ကာကွယ်ရေးဦးစီးချုပ်အသစ် ခန့်အပ်ရန်အတွက်၊ သမ္မတ (တနည်းဆိုရလျှင် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်မှုဖြင့် နိုင်ငံအကြီးအကဲ ဖြစ်လာသူ)၏ သြဇာညောင်းသူ တယောက် ရွေးချယ်ခန့်ထားနိုင်ရေးမှာ လုံးဝ လမ်းပိတ်သွားပြီဟု ဆိုနိုင်ပါသည်။ ယခုမူ ထိုသို့ ဆိုမထားသဖြင့် ထွက်ပေါက်တခု ရှိနေသည်ကို တွေ့မြင်နိုင်ပါသည်။ လက်ရှိကာကွယ်ရေးဦးစီးချုပ် နုတ်ထွက်၊ အနားယူသွားမည်ဆိုလျှင် နောက်အသစ် တက်လာမည့် ကာကွယ်ရေးဦးစီးချုပ်ကို ပုဒ်မ-၃၄၂ အရ အဆုံးအဖြတ်ပေးမည့် ကာလုံ အစည်းအဝေးကို လက်ရှိကာကွယ်ရေးဦးစီးချုပ် မနုတ်ထွက်ခင် ပြုလုပ်မည်လော၊ သို့တည်းမဟုတ် နုတ်ထွက်ပြီးတဲ့အခါမှ ဆွေးနွေး ဆုံးဖြတ်ရမည်လောဆိုသည့် သတ်မှတ် ချက်ကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ရှင်းလင်းစွာ ပြဋ္ဌာန်းမထားပါချေ။  အခြေခံဥပဒေတွင် ထိုသို့ တိကျသည့်ပြဋ္ဌာန်းထားချက် မပါရှိခြင်းက ပြည်ထောင်စုလွှတ်တော်အနေဖြင့် ပိုမိုတိကျသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီဥပဒေကို ပြဌာန်းခွင့်ရှိနေပြီး နိုင်ငံတော်သမ္မတက နှစ်သက်လိုလားသည့် ကာကွယ်ရေးဦးစီးချုပ်သစ်ကို ခန့်ထားရန် အခွင့်အလမ်းတရပ် ပွင့်နေသည်ကို တွေ့မြင်နိုင်ပါသည်။ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဥပဒေ ပြဋ္ဌာန်းရန် လိုအပ်သည့် အခြား အကြောင်းပြချက်ကောင်း တရပ်မှာ အခြေခံဥပဒေပုဒ်မ ၂၀၁ တွင် အမျိုးသား ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသို့ “ဖွဲ့စည်းပုံ အခြေခံဥပဒေအရသော် လည်းကောင်း၊ ဥပဒေတရပ်ရပ်အရသော် လည်းကောင်း ပေးအပ်လာသည့် တာဝန်များကို ထမ်းဆောင်နိုင်ရန်”ဟု ဆိုထားသဖြင့် အခြေခံဥပဒေတွင် ဖော်ပြမထားသော တာဝန်များ ဖြစ်ကြသည့် ပြည်တွင်း ငြိမ်းချမ်းရေးဆိုင်ရာကိစ္စများ ဆွေးနွေးညှိနှိုင်းခြင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ကိစ္စရပ်များ ညှိနှိုင်းတိုင်ပင်ခြင်း စသည့်တာဝန်များကို ပေးအပ်ရန် လိုအပ်နေခြင်းကြောင့်လည်း ဖြစ်ပါသည်။ ထိုသို့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဥပဒေပြဋ္ဌာန်းကြသည့်အခါ ကာကွယ်ရေးဦးစီးချုပ် ရုတ်တရက် ကွယ်လွန် သို့မဟုတ် နုတ်ထွက် သို့မဟုတ် အနားယူသွားသောအခါ ကျန်ရှိသော ကာလုံအဖွဲ့ဝင်များ၏ အဆိုပြုထောက်ခံချက်ဖြင့်ဟု ရှင်းလင်းစွာ ပြဋ္ဌာန်းနိုင်သလို၊ ထောက်ခံမဲနှင့် ကန့်ကွက်မဲ တူညီနေသောကိစ္စမျိုးတွင် နိုင်ငံတော်သမ္မတသည် အဆုံးအဖြတ်မဲ ထပ်မံပေးခြင်းဖြင့် အတည်ပြုနိုင်၊ ပယ်ချနိုင်သည်ဟု ပြဋ္ဌာန်းနိုင်ပါသည်။ ထို့ပြင် ကာကွယ်ရေးဦးစီးချုပ်၏ ဝန်ထမ်းသက် ၆၀ ကျော်လျှင် မည်၍မည်မျှ သက်တမ်းတိုးပေးမည် ဆိုသည့်ကိစ္စကိုလည်း ကာလုံဥပဒေတွင် ထည့်သွင်းပြဌာန်းနိုင်ပါသေးသည်။ ထိုသို့ပြဋ္ဌာန်းနိုင်ခဲ့လျှင် ကာကွယ်ရေးဦးစီးချုပ်အသစ်မှာ နိုင်ငံတော်သမ္မတ၏ ထောက်ခံချက်မပါဘဲ ဖြစ်မလာနိုင်ပါချေ။ ထိုသို့သော ကာကွယ်ရေးဦးစီးချုပ်နှင့် နိုင်ငံတော်သမ္မတတို့၏ ဆက်ဆံရေး- တနည်းအားဖြင့်ဆိုလျှင် အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးမှာ ပိုမိုချောမွေ့ကောင်းမွန်လာမည် ဖြစ်ပြီး၊ နိုင်ငံ့ အရေးကိစ္စများ တိုင်ပင်ဆွေးနွေးရာတွင် ပိုမိုပြေပြစ်လာဖွယ်ရှိပါသည်။ သို့ဖြစ်လျှင် ပြည်တွင်းငြိမ်းချမ်းရေးကဲ့သို့သော ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စနှင့် ဆက်စပ်နေသည့် ပြဿနာများကိုလည်း ပြေပြေလည်လည် ညှိနှိုင်းနိုင်ပါလိမ့်မည်။ တနည်းအားဖြင့်ဆိုလျှင် ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးတွင် အရပ်ဘက်-စစ်ဘက် အမြင်များ လွန်စွာ ကွဲပြားခြားနားနေခြင်းမျိုး မရှိနိုင်တော့သဖြင့် လုပ်ရကိုင်ရ ပိုမိုချောမွေ့ပါလိမ့်မည်။ စိန်ခေါ်ချက်များ နှင့် ဒုတိယ ‘ဟ’ ပေးထားချက် ထိုသို့သော အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဆိုင်ရာ ဥပဒေပြဋ္ဌာန်းခြင်းကို အခြေခံဥပဒေနှင့်မညီဟု စိန်ခေါ်လာမှုများလည်း ရှိလာနိုင်ပါသည်။ လွှတ်တော်တွင်း လုပ်ထုံးလုပ်နည်းများနှင့်အညီ လုပ်ဆောင်လာသော စိန်ခေါ်မှုများကို အခြေခံဥပဒေနှင့် ညီ၊ မညီ ဆုံးဖြတ်ရမည့်တာဝန်မှာ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာ ခုံရုံး၏ တာဝန်ဖြစ်၍ မညီဟု ဆုံးဖြတ်လျှင် ထိုဥပဒေ ပျက်ပြယ်မည်ဖြစ်ပြီး၊ ညီပါသည်ဟု ဆုံးဖြတ်လျှင် ထိုဥပဒေအတိုင်း လိုက်နာဆောင်ရွက်ကြရန်သာ ရှိပါသည်။ သို့ဖြစ်ရာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ အခန်းကဏ္ဍသည်လည်း အရေးကြီးလာပါသည်။ ၂၀၀၈ ခုနှစ် အခြေခံဥပဒေအရ ခုံရုံးကို ခန့်အပ် တာဝန်ပေးခြင်းမှာ…နိုင်ငံတော်သမ္မတနှင့် လွှတ်တော်ဥက္ကဋ္ဌများ ဖြစ်ကြပြီး၊ ၎င်းတို့၏ သက်တမ်းမှာလည်း ပြည်ထောင်စုလွှတ်တော်၏ သက်တမ်းနှင့်အညီသာ ဖြစ်သဖြင့် ဤသည်လည်း ‘ဟ’ ပေးထားသော အာခီလီး ခြေဖနောင့်တခု ဖြစ်နေပြန်ပါသည်။ အမေရိကန်ပြည်ထောင်စုတွင် အခြေခံဥပဒေနှင့် ညီ၊ မညီ ဆိုသောကိစ္စကို Supreme Court ခေါ် အမြင့်ဆုံးတရားရုံးချုပ်က ဆုံးဖြတ်ပြီး၊ တရားသူကြီးများ၏ သက်တမ်းမှာ ၎င်းတို့ သက်ဆုံးတိုင် ဖြစ်ပါသည်။ လွှတ်တော်၏ သက်တမ်း သို့မဟုတ် သမ္မတ၏သက်တမ်းနှင့်အညီ မဟုတ်ပါ။ သို့ဖြစ်၍ အခြေခံဥပဒေနှင့် ညီ၊ မညီ ဆုံးဖြတ်သော ကိစ္စများတွင် လက်ရှိသမ္မတ၏ သြဇာသက်ရောက်မှု၊ သို့မဟုတ် လွှတ်တော်တွင်း လွှမ်းမိုးသော အနိုင်ရပါတီ၏ သြဇာသက်ရောက်မှု ကင်းရှင်းစွာ၊ လွတ်လပ်စွာ ဆုံးဖြတ်နိုင်ပါသည်။ ၂၀၀၈ ခုနှစ် အခြေခံဥပဒေအရ ခုံရုံးအဖွဲ့ဝင်များ၏ သက်တမ်းမှာ လွှတ်တော် သက်တမ်းနှင့်အညီ ဖြစ်သဖြင့်၊ ငါးနှစ် တကြိမ် အပြောင်းအလဲ ရှိနေမည်ဖြစ်ပြီး၊ ခုံရုံး၏ ဆုံးဖြတ်ချက်များမှာလည်း နိုင်ငံရေးသြဇာသက်ရောက်မှုတော့ မုချရှိနေနိုင်ပါသည်။ အကယ်၍ ၂၀၀၈ ခုနှစ် အခြေခံဥပဒေက နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ သက်တမ်းကို အမေရိကန်ပြည်ထောင်စုမှာကဲ့သို့ သက်ဆုံးတိုင် ထမ်းဆောင်ခွင့်ပေးထားလျှင်၊ အနိုင်ရပါတီက လွှတ်တော်တွင်း အရေးကြီးသည့် ဥပဒေများ (ဥပမာ- နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဆိုင်ရာဥပဒေမျိုး) ပြဋ္ဌာန်းရာတွင် အခက်အခဲ တွေ့နိုင်ပါသည်။ ဆိုလိုသည်မှာ ၂၀၀၈ ခုနှစ် အခြေခံဥပဒေပါ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဖွဲ့စည်းပုံနှင့် သက်တမ်း လွှတ်တော်တွင်း မဲအများစုရ၊ မည်သည့် အနိုင်ရပါတီအတွက်မဆို လုပ်သာကိုင်သာဖြစ်စေရန် (သို့တည်းမဟုတ်) ‘ဟ’ ပေးထားချက် ရှိနေသည်ဟု ဆိုလိုခြင်း ဖြစ်ပါသည်။ ဤသည်ကား ကျနော် ပြောလိုသည့် ဒုတိယမြောက် အာခီလီး ခြေဖနောင့် ဖြစ်သည်။ သို့ဖြစ်၍ ကာကွယ်ရေးဦးစီးချုပ် ခန့်အပ်ရေးနှင့်ပတ်သက်၍ ပိုမိုတိကျသည့် ပြဋ္ဌာန်းချက်များ ပါဝင်သည့် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဆိုင်ရာဥပဒေကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ပြဋ္ဌာန်းနိုင်ရေးမှာ သိပ်ခက်ခဲလှမည် မဟုတ်ကြောင်း တွေ့ရပါလိမ့်မည်။ အပြန်အလှန် ပိုမိုနားလည်ရေးနှင့် ပိုမိုစည်းလုံးညီညွတ်ရေး ခက်ခဲသည့် ကိစ္စမှာ- တပ်မတော်က အထင်လွဲမသွားစေရေး ဖြစ်သည်။ အရပ်ဘက်၊ စစ်ဘက် ဆက်ဆံရေး ကောင်းမွန်စေရန် ကြိုးစားရင်း အခြေအနေ ပိုမိုဆိုးရွားမသွားစေရေး ဖြစ်သည်။ ဤအတွက် အချိန်အခါနှင့် အခြေအနေကို ချိန်ဆရန်မှာ လုပ်ပိုင်ခွင့်အာဏာရှိထားသော နိုင်ငံရေးအီလိ ( Political Elite) များ၏ တာဝန် ဖြစ်သည်။ ဆောင်းပါးရှင် ကျနော်က ပါတီနိုင်ငံရေးသမား မဟုတ်။ ပါတီစွဲ၊ အဖွဲ့အစည်းစွဲ၊ ဝါဒစွဲ၊ လူမျိုးစွဲ၊ ပုဂ္ဂိုလ်စွဲ မရှိသော နိုင်ငံရေးသုတေသီတဦးသာ ဖြစ်သည်။ မိမိနိုင်ငံနှင့် နိုင်ငံသားများ ကောင်းကျိုးအတွက် နိုင်ငံရေးသိပ္ပံကို သာသာရပ်တခုအဖြစ် လေ့လာကာ၊ မိမိအမြင် အယူအဆများကို ရေးသားအကြံပြုခြင်းသာ ဖြစ်သည်။ အခြေအနေ အချိန်အခါ ကောင်းကို ကြည့်မြင်တတ်ရန်ကား သက်ဆိုင်သူတို့၏တာဝန်ဟု သတိပေးလိုပြီး၊ နိုင်ငံ့အတွက် ကောင်းကျိုးဖြစ်ထွန်းရေး အခြေခံပေါ်တွင် အရပ်ဘက်-စစ်ဘက် ပိုမိုနားလည်မှုရှိရေး၊ ပိုမိုစည်းလုံးညီညွတ်ရေး ရည်မှန်းချက်ကို ဆုပ်ကိုင်ထားဖို့ လိုပါသည်။ ကြုံကြိုက်သဖြင့် တံငါသည်၏ ကွန်ချက်မိသွားသော ငါးသုံးကောင် ပုံပြင်ကို ပြောလိုသည်။ ငယ်စဉ်ကတည်းက ဖန်တရာတေ ကြားဖူးနားဝရှိပြီးဖြစ်သော ပုံပြင်တပုဒ် ဖြစ်ပါလိမ့်မည်။ တခါက တံငါသည်တယောက်သည် ကွန်ပစ်ရာ ငါးသုံးကောင်ကို မိလေသည်။ သုံးကောင်အနက်မှ ပထမတကောင်က လုံ့လဝီရိယရှိသော်လည်း စဉ်းစားဉာဏ်မရှိ။ သူ၏ လွတ်မြောက်ရေးအတွက် လှေဝမ်းတွင်းမှ ထွက်ရန် အခါမလပ် တဖျပ်ဖျပ် ခုန်လေရာ မျက်စိနောက်လာသော တံငါသည်က အဆိုပါငါး၏ ခေါင်းကို လှော်တက်ဖြင့် ထုကာ သတ်လိုက်လေသည်။ ဒုတိယငါးတကောင်မှာ ပျင်းကလည်းပျင်း၊ ဉာဏ်ကလည်း ထိုင်းသဖြင့် ပထမငါးကို ကြည့်ပြီး သိပ်ခက်တဲ့ကိစ္စကြီးပဲ။ မလွယ်… မလွယ်ဟုသာ ညည်းညူရင်း မလှုပ်မယှက် နေလေရာ တံငါသည်က သေပြီထင်၍ ပစ်ထားလိုက်သော်လည်း နောက်ဆုံးတွင်ကား တံငါသည်၏ ဟင်းအိုးထဲ ရောက်သွားရရှာသည်။ တတိယငါးမှာမူကား ဝီရိယရှိသည့်ပြင် ဉာဏ်ထက်မြက်သဖြင့် လှေဝမ်းတွင်းမှ ခုန်ထွက်ရန် အကောင်းဆုံးအချိန်ကို စောင့်ကြည့်သိမှတ်နေရာ၊ တံငါသည် ကွန်ပစ်သော အချိန်သည် လှေစောင်းသွားသဖြင့် ခုန်ထွက်ရန် အကောင်းဆုံးအချိန်ဟု သိရှိ ဆုံးဖြတ်လိုက်ပြီး၊ အချိန်ကိုက် ခုန်ထွက်လိုက်သဖြင့် အသက်ဘေးမှ လွတ်မြောက်သွားလေ သည်။ သို့ဖြစ်လေရာ ကျနော်တို့သည် တတိယငါးကဲ့သို့ အခြေအနေအချိန်အခါ ကိုစောင့်၍ လုပ်ကိုင်ဆောင်ရွက်ပါမှ အောင်မြင်လိမ့်မည် ဖြစ်ပါကြောင်း၊ အခြေအနေ အချိန်အခါကိုက် မလုပ်ဆောင်နိုင်လျှင် ပထမငါးကဲ့သို့ လည်းကောင်း၊ ခက်ခဲလှချေရဲ့ဟု မကြိုးစား၊ ဉာဏ်မသုံးဘဲ နေပါက ဒုတိယငါးကဲ့သို့ လည်းကောင်း ဘဝဆုံးရှုံးလိမ့်မည်ဖြစ်ကြောင်း တင်ပြလိုက်ရပေသည်။ ရဲထွန်း (သီပေါ)

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up