နျူကလီးယားစွမ်းအင်သုံး အမေရိကန်စစ်သင်္ဘောကြီး တောင်ကိုရီးယား ရောက်ရှိ

အမေရိကန် လေယာဉ်တင်သင်္ဘော USS ရော်နယ်ရေဂင်ဟာ တောင်ကိုရီးယားနိုင်ငံ တောင်ပိုင်းက ဘူဆန်မြို့ ဆိပ်ကမ်းကို အောက်တိုဘာ ၂၁ ရက်နေ့က ဆိုက်ကပ်ပါတယ်။ မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ဒုံးကျည် အစီအစဉ်ကြောင့် တင်းမာမှု မြင့်နေချိန်မှာ ပုံမှန် အလည်အပတ် အစီအစဉ်အရ ရောက်လာတာပါ။ တန်ချိန် ၁ သိန်းလေးတဲ့ နျူကလီးယား စွမ်းအင်သုံး လေယာဉ်တင် သင်္ဘောဟာ အမေရိကန် ရေတပ်ရဲ့ အာရှဒေသတွင်း အကြီးဆုံး စစ်သင်္ဘောလည်း ဖြစ်ပါတယ်။ စစ်သည် အင်အား ငါးထောင်ပါပြီး ဒီသီတင်းပတ် အစောပိုင်းမှာ ကိုရီးယားကျွန်းဆွယ် အရှေ့ပိုင်းက ရေပြင်မှာ ကင်းလှည့်အပြီး ခုလို ဆိပ်ကမ်းမှာ ဆိုက်ကပ်တာလည်း ဖြစ်ပါတယ်။ ဒီလေယာဉ်တင်သင်္ဘောဟာ တောင်ကိုရီးယား ရေတပ်နဲ့ ပူးတွဲ စစ်ရေးလေ့ကျင့်နေတာပါ။ စစ်သင်္ဘော အစီး ၄၀ ပါတဲ့ စစ်ရေးလေ့ကျင့်မှု ဧရိယာဟာ ကိုရီးယားကျွန်းဆွယ် အနောက်ပိုင်း ပင်လယ်ဝါကနေ ဂျပန် ပင်လယ်ထိ ကျယ်ပြန့် ပါတယ်။ ဒါဟာ တောင်ကိုရီးယားကို ကာကွယ်နိုင်စွမ်းကိုပြဖို့ ရည်ရွယ်တယ်လို့ မီဒီယာတွေက သုံးသပ်ပါတယ်။ စစ်ရေးလေ့ကျင့်မှုဟာ ခုခံဖို့သက်သက်အပြင် ရနိုင်တဲ့ သက်သေတွေအပေါ် မူတည်ပြီး လုံခြုံရေးနဲ့ တည်ငြိမ်ရေးကို ပံ့ပိုးဖို့ သက်သက်သာ ဖြစ်တယ်လို့ အမေရိကန် လေယာဉ်တင် သင်္ဘောရဲ့ တိုက်ခိုက်ရေး အုပ်စု အုပ်ချုပ်သူ အရာရှိ မာခ်ဒါတွန်က ပြောပါတယ်။ လေ့ကျင့်မှုအတွင်း ဘယ်နေရာမှာမှ မြောက်ကိုရီးယားဘက်က ဘယ်တပ်နဲ့မှ ထိတွေ့မှု မရှိသေးဘူးလို့လည်း သူက ဆက်ပြောပါတယ်။ အမေရိကန် အစိုးရဟာ လတ်တလောမှာ မြောက်ကိုရီးယားအပေါ် စစ်ရေး ဖိအား ပေးနေတာပါ. ကိုရီးယား ကျွန်းဆွယ် အပေါ်ကနေ B1B ဗုံးကြဲလေယာဉ်တွေ ပျံသန်းခဲ့အပြီး ခုတော့ USS Ronald Reagan လေယာဉ်တင်သင်္ဘော ရောက်လာတာ ဖြစ်ပါတယ်. အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အာရှကို ပထမဆုံး တရားဝင် ခရီးစဉ် မတိုင်မီ အင်အားပြတာလဲ ဖြစ်ပါတယ်။ ထရမ့်ဟာ နိုဝင်ဘာ ၅ ရက်နေ့မှာ ဂျပန်နိုင်ငံကို လာရောက်လည်ပတ်ပြီး တောင်ကိုရီးယား နိုင်ငံကို ဆက်လက် လည်ပတ်မှာ ဖြစ်ပါတယ်။

More News
Up