အစ္စရေး စစ်သမီး ကိုယ်ခံပညာသုံးပြီး ဆန္ဒပြလူစုကို တိုက်ခိုက် (ရုပ်သံ)

အစ္စရေးနိုင်ငံ ဂျေရုဆလင်မြို့မှာ ပြုလုပ်တဲ့ စုရုံးဆန္ဒပြမှုအတွင်း ဂျူး အစွန်းရောက် ရှေးရိုးစွဲအယူအဆ (ultra-Orthodox) ဘာသာဝင် ဆန့်ကျင်ဆန္ဒပြသူ လူဒါဇင်အုပ်စုကို အကြောက်အလန့်မရှိတဲ့ အစ္စရေးစစ်သမီးက ကိုယ်ခံပညာသုံးပြီး တိုက်ခိုက်တားဆီးနေတဲ့ ရုပ်သံထွက်ပေါ်လာပါတယ်။ ဒီရုပ်သံက နိုင်ငံတွင်း သတင်းဌာနတွေရဲ့ အဓိက ဆွေးနွေးစရာတခုအဖြစ် ပျံ့နှံ့ခဲ့တယ်လို့လည်းဆိုပါတယ်။ စစ်သားစုဆောင်းရေးဌာနကို လာဖို့ ငြင်းဆန်ခဲ့တဲ့ ယက်စ်ရှီဗာကျောင်းသား ၂ ဦး ဖမ်းဆီးခံရမှုကို ဆန့်ကျင်တဲ့နေနဲ့ လူအုပ်က အော်ဟစ်ဆန္ဒပြနေကြပြီး တာဝန်ချိန်အတွင်းမဟုတ်ပဲ စစ်သမီး နိုမီဂိုလန်က ဆန္ဒပြလူအုပ်စုကို တားမြစ်ခဲ့တာပါ။ ရုပ်သံထဲမှာ နိုမီဂိုလန်က ကိုယ်ခံပညာတွေထဲက ကျွမ်းကျင် ကရာတေး အကွက်တော်တော်များများ သုံးပြီး လမ်းပေါ်က သွားနေတဲ့ ကားတစီးကို ရပ်တန့်နေတဲ့ ဆန္ဒပြသူတွေကို တားဆီးခဲ့တာပါ။ ရုပ်သံထဲမှာ အမျိုးသားအုပ်စုက ဂိုလန်ကို တံတွေးနဲ့ထွေး ကြိမ်ဆဲတာတွေ လုပ်နေပြီး သူမကိုလည်း အစ္စရေးဘာသာစကားနဲ့ မိန်းမပျက်လို့ အဓိပ္ပာယ်ရတဲ့ ရှီကစာလို့ ခေါ်နေကြတာ တွေရပါတယ်။ ဂိုလန်က ဆန္ဒပြသူတော်တော်များ နောက်ဆုတ်အောင် ဆန္ဒပြသူတွေရဲ့ ဦးခေါင်းနဲ့ ဒူးနေရာတွေကို ဦးတည်ကန်ခဲ့ပြီး သူမကို တံတွေးနဲ့ ထွေးနေသူတွေကိုလည်း ပြန်လည်တိုက်ခိုက် တားဆီးခဲ့ပါတယ်။ အစွန်းရောက်ရှေးရိုးစွဲအယူအဆ ဘာသာဝင်ကျောင်းသားတွေအနေနဲ့ မဖြစ်မနေ စစ်မှုထမ်းရမှာကို လွတ်ငြိမ်းခွင့်ရပေမယ့် သူတို့ရဲ့ကျောင်းက စာနဲ့အတူ စစ်တပ်က ဆင့်ခေါ်တဲ့အခါ သွားကြရပါတယ်၊ ဒါပေမယ့်လည်း ဒီလိုလုပ်ဖို့ အချို့ကျောင်းသားတွေက ငြင်းဆန်ကြတယ်လို့ ဆိုပါတယ်။ ဆန္ဒပြလူစုရှိရာလမ်းပေါ် ဖြတ်သွားမယ့်ကား သွားနိုင်အောင် ကူညီခဲ့တာလို့ ဂိုလန်က ပြောကြောင်း ဝါရှင်တန်ပို့စ်သတင်းက ပြောပါတယ်။ “သူတို့က ကျမကို စစ်သားတယောက်အနေနဲ့ အရပ်သားတယောက်အနေနဲ့ အသက်ကြီးအမျိုးသမီး တဦး ဒါမှမဟုတ် ငယ်ရွယ်တဲ့ အမျိုးသမီးတဦးအနေနဲ့ တိုက်ခိုက်နေကြတယ်။ ကျမ ဘယ်လိုအနေနဲ့ပဲဖြစ်ဖြစ် ဘာပဲဝတ်ထား ဝတ်ထား ကိစ္စမရှိပါဘူး ကျမက ဘယ်အခြေအနေမျိုးမှာပဲရောက်နေနေ ကိုယ့်ကိုယ်ကို  ကာကွယ်ရမှာပဲလေ” လို့ သူမက ပြောကြောင်း သိရပါတယ်။ အစွန်းရောက် ရှေးရိုးစွဲအယူအဆ ဘာသာဝင်တွေရဲ့ ဆန္ဒပြမှုအတွင်း စစ်တာဝန် ထမ်းဆောင်ရမယ့်ဆိုတဲ့စနစ်အပေါ် ဒေါသထွက်နေတာကို လူတွေအာရုံစိုက်လာအောင် ဆန္ဒပြလူငယ်အမျိုးသားတွေက လမ်းတွေကို ပိတ်ဆို့ ဖြတ်သွားတဲ့ကားတွေကို ကြိမ်ဆဲ တံတွေးနဲ့ထွေးတာတွေ လုပ်နေကြတာပါ။ အစ္စရေးနိုင်ငံမှာ အစ္စရေးအာရပ်နွယ်ဖွားတွေနဲ့ အစွန်းရောက်ရှေးရိုးစွဲဘာသာဝင်တွေကို စစ်မှုထမ်းဆောင်ခွင့် လွတ်ငြိမ်းခွင့်ပြုထားတာကလွဲရင် နိုင်ငံသား အမျိုးသား၊ အမျိုးသမီး အားလုံးက အသက် ၁၈ နှစ်မှာ စစ်တပ်မှာ မဖြစ်မနေ တာဝန် ထမ်းဆောင်ကြရပါတယ်။ ဒီစနစ်ကြောင့် အချို့နိုင်ငံသားတွေက တိုင်းပြည်ရဲ့ ဝန်ထုပ်ဝန်ပိုးကို သူတို့ပါ ထမ်းပိုးနေရတယ်လို့ ခံစားရပြီး ပြီးခဲ့တဲ့နှစ်တွေအတွင်း တင်းမာမှုတွေ ဖြစ်လာခဲ့တာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up