နတ်ရွာစံ ထိုင်းဘုရင်ကြီး ဈာပနအခမ်းအနား အစမ်းလေ့ကျင့်

နတ်ရွာစံ ထိုင်းဘုရင်ဟောင်း ဘူမိဘော အဒူလျာဒက်ရဲ့ ဈာပနအခမ်းအနားအတွက် ထိုင်းနိုင်ငံသားတွေ အစမ်း လေ့ကျင့်နေပါတယ်။ အနက်ရောင် ဝတ်စုံတွေ၊ ရှေးခေတ် ဝတ်စုံတွေ ဝတ်ထားတဲ့ ထိုင်းအရာရှိတွေက နတ်ရွာစံ ဘုရင်ဟောင်း ဘူမိဘော အဒူလျာဒက်ရဲ့ ဈာပနအခမ်းအနား အတွက် အစမ်းလေ့ကျင့်နေတာကို အောက်တိုဘာ ၂၁ ရက်နေ့က တွေ့ရတာပါ။ လာမယ့် သီတင်းပတ်မှာ ကျင်းပမယ့် ဘုရင်ဟောင်းကို မီးသင်္ဂြိုဟ်မယ့် ဈာပနပွဲကို လူ ၂ သိန်းခွဲ တက်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။ အစမ်းလေ့ကျင့်မှုဟာ အချိန်ငါးနာရီလောက် ကြာနိုင်ပါတယ်။ အစဉ်အလာအရ နတ်ရွာစံ ဘုရင်တွေရဲ့ အရိုးအိုးကို ကိုင်ဆောင်ထားပေမယ့် နတ်ရွာစံ ဘုရင် ဘူမိဘောရဲ့ ရုပ်အလောင်းကတော့ ခေါင်းတလားထဲမှာ ရှိနေဆဲပါ။ လေ့ကျင့်သူတွေဟာ မြို့တော်ဘန်ကောက်ရဲ့ သမိုင်းဝင် မြို့နယ်အတွင်း ဝတ်စုံနက်ဝတ် လူအုပ်ကို ဖြတ်သန်းသွားကြပါတယ်။ ပြည်သူတွေ တချို့က ရွှေရောင် ဘောင်ကွပ်ထားတဲ့ နတ်ရွာစံဘုရင့်ရဲ့ ရုပ်ပုံတွေကို ကိုင်ဆောင်ထားကြပါတယ်။ “ဘယ်လောက်ပူပူ သည်းခံနိုင်တယ်၊ ဘုရင်ဘူမိဘောလည်း ခုလို ခက်ခဲမှုကို ဖြတ်သန်းခဲ့ဖူးတယ်၊ ဒါကြောင့် ကျနော်တို့လည်း ခံနိုင်ရမယ်” လို့ ပွဲတက်လာသူ ထိုင်းနိုင်ငံသား တယောက်က ပြောပါတယ်။ ခမ်းခမ်းနားနား ကျင်းပမယ့် ဈာပနပွဲအတွက် အမေရိကန်ဒေါ်လာ သန်း ၉၀ နဲ့ ညီမျှမယ့် ထိုင်းဘတ်ငွေ ၃ ဘီလီယံ သုံးမယ်လို့ စစ်အစိုးရက သတ်မှတ်ထားပါတယ်။ ဘုရင့်နန်းတော်ရှေ့က ရင်ပြင်ထဲမှာ ရွှေရောင်ဖုံးထားတဲ့ ယာယီတဲနန်းကို တည်ဆောက်ဖို့ ထောင်နဲ့ချီတဲ့ လက်မှုပညာသည်တွေက အချိန်တနှစ် ယူခဲ့ရပါတယ်။ အသက် ၈၇ နှစ်အရွယ် ထိုင်းဘုရင်ဟောင်း ဘူမိဘောဟာ မနှစ်က အောက်တိုဘာ ၁၃ ရက်နေ့မှာ နတ်ရွာစံခဲ့တာပါ။ ထိုင်းနိုင်ငံကို အနှစ် ၇၀ အုပ်ချုပ်ခဲ့ပါတယ်။ မီးသင်္ဂြိုဟ် ဈာပနပွဲကို အောက်တိုဘာ ၂၆ ရက်နေ့ ကျင်းပမှာ ဖြစ်ပါတယ်။ ဓာတ်ပုံ - ဘန်ကောက်ပို့စ်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up