ယူကရိန်း သန်းကြွယ်သူဌေးကြီး၏သမီး ထောင်ဒဏ် ၁၀ နှစ်ထိ ချမှတ်ခံရနိုင် (ရုပ်သံ)

သူမရဲ့ကားနဲ့ လူအုပ်ထဲ ဝင်တိုက်လို့ လူ ၅ ဦး သေဆုံးပြီး လူ ၆ ဦး ဒဏ်ရာရရှိစေခဲ့တဲ့ ယူကရိန်းနိုင်ငံ သန်းကြွယ်သူဌေးကြီး တဦးရဲ့အမွေခံသမီးဖြစ်သူက တရားရင်ဆိုင်မှုမတိုင်ခင် တိုင်းပြည်က ထွက်ပြေးဖို့ ကြိုးစားလို့ အောက်တိုဘာ ၂၀ ရက်နေ့ညမှာ ဖမ်းဆီးခံခဲ့ရပါတယ်။ အသနားခံစာအရ သူမကားနဲ့ဝင်တိုက်လို့ သေဆုံးသူတွေနဲ့ မိသားစုတွေကို သူမဖခင်က လျော်ကြေးပေးခွင့်ပြုထားပါတယ်။ အောက်တိုဘာ ၁၈ ရက်နေ့က ဖြစ်ခဲ့တဲ့ ထိတ်လန့်ဖွယ် ရုပ်သံထဲ ယူကရိန်းနိုင်ငံ ဒုတိယမြို့တော် ခါကစ်ဗ်မြို့လယ်မှာ အာလီယိုနာရဲ့ ဇိမ်ခံကားက မီးနီကို ဖြတ်မောင်းပြီး အခြားကားတစီးကို ၁ နာရီ ၆၃ မိုင်နှုန်း အရှိန်နဲ့ ဝင်တိုက်ပြီးနောက် လူအုပ်ကို ဝင်တိုက်ခဲ့တာ တွေ့ရပါတယ်။ သန်းကြွယ်သူဌေးကြီးရဲ့ သမီးဖြစ်သူကို တရားရုံးအချုပ်ခန်းထဲမှာ မျက်ရည်တွေနဲ့ တဦးတည်း ထိုင်နေတာ တွေ့ရပြီး မြို့လယ်ခေါင် လမ်းမပေါ် စစ်တလင်းလို ဖြစ်သွားစေတဲ့ သူမရဲ့ပြစ်မှုက အမြင့်ဆုံးထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံရနိုင်တယ်လို့ သိရပါတယ်။ သေဆုံးသူတွေအတွက် ပူဆွေးနေသူတွေနဲ့ ဒဏ်ရာရသူတွေကို သူမက ဝမ်းနည်းကြောင်းပြောပါတယ်။ “ခုချိန်မှာ ကျမရဲ့ တခုတည်းသော အမှန်တကယ် စိုးရမ်ပူပန်မှုက ဒီအဖြစ်ပါပဲ၊ အဆိုးရွားဆုံးဖြစ်ခဲ့လို့ သူတို့ကို ကျမ မိဘတွေက ကူညီခွင့်ပြုဖို့လည်း မျှော်လင့်မိပါတယ်၊ ကျမစဉ်းစားနေသမျှအားလုံးက ဒီအကြောင်းပါပဲ။” ခါကစ်ဗ်မြို့မှာ လာဘ်စားမှုနဲ့တရားစွဲခံရတဲ့ ထင်ရှားသူတွေကို အမှုလိုက်ပေးတဲ့ သူမရဲ့နာမည်ကြီးရှေ့နေက သူမ အိမ်အကျယ်ချုပ်အဖြစ် ကျခံရအောင်ကြိုးစားခဲ့ပေမယ့် လူတွေ ထိခိုက်ဒဏ်ရာရပြီး သေကျေစေခဲ့တဲ့ ကားမောင်းမှုကို ရာဇဝတ်မှုအရ စုံစမ်းဖို့ သူမဟာ ထောင်ထဲမှာ ၂ လ ရှိရမယ်လို့ တရားသူကြီးက ဆုံးဖြတ်ခဲ့တာပါ။ ဆီးစစ်တဲ့အဖြေအရ သူမက ကန်းနားဘစ်စ်လို့ခေါ်တဲ့ မူးယစ်ဆေးဝါးတမျိုး သုံးစွဲထားတယ်လို့ တရားရုံးကို လျှောက်ထားပြီး သွေးစစ်ထားတဲ့အဖြေအရ သူမက အရက်သေစာနဲ့ မူးယစ်ဆေးဝါး သုံးစွဲထားခြင်းမရှိကြောင်း တွေ့ရှိလို့ နောက်ထပ် စစ်ဆေးမှုတွေ လုပ်ဖို့  တရားရုံးက အမိန့်ပေးထားပါတယ်။ သူမက တနာရီ ၃၅ မိုင်နှုန်းနဲ့ မောင်းရမယ့် မြို့တွင်းမှာ တနာရီ မိုင် ၆၀ ကျော်နဲ့ မောင်းခဲ့တယ်လို့ လွှတ်တော်အမတ်တဦးက စွပ်စွဲလိုက်ပြီး အရင်က အရှိန်မြင့်ကားမောင်မှု ၄ မှုအပါအဝင် အမှုပေါင်း ၈ မှုအတွက် ဒဏ်ကြေးငွေ ဆောင်ရဖူးတယ်လို့လည်း အခိုင်အမာ ပြောလိုက်ပါတယ်။ ယူကရိန်းနိုင်ငံရဲ့ ပြည်ထဲရေးဝန်ကြီးဌာန အကြံပေးက သူမကို စစ်ထားတဲ့ ဆီးနဲ့ သွေးစစ်ချက်မှာ ဘိန်းဖြူသုံးစွဲထားတာ တွေ့တယ်လို့ ပြောလိုက်ပြီး တရားရုံးဆုံးဖြတ်ချက်အတွက် ဒီအချက်က အဓိကကျမယ်လို့ ဆိုပါတယ်။ ဒုတိယအကြိမ် စစ်ဆေးမှု လုပ်မှာဖြစ်ပြီး သူမက ဆေးခြောက်လည်း ရှူထားပုံရတယ်၊ ဒါမှမဟုတ် အခြားမူးယစ်ဆေးဝါး တခုခု သုံးထားပုံရတယ်၊ ဒီအချက်တွေက သူမကို ကာကွယ်ဖို့ ခက်ခဲလိမ့်မယ်လို့ ဆိုပါတယ်။ ပြည်ထဲရေးအကြံပေးက အစောပိုင်းကတည်းက သူမကို ထောင်ထဲမှာ ဖမ်းဆီးထားဖို့ လူသိရှင်ကြား တောင်းဆိုခဲ့ပြီး သူမရဲ့ချမ်းသာကြွယ်ဝပြီး သြဇာအာဏာရှိတဲ့ မိသားစုက အာဏာသုံးမှာကိုလည်း သတိပေးခဲ့တယ်လို့ ဒေးလီးမေးလ်သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

More News
Up