စပိန် ငွေကြယ်ပွင့်စားဖိုးမှူး စားစရာဘူး ၁ သန်းဝေငှပြီး သမိုင်းမှတ်တိုင်ထူ

စပိန်လူမျိုး ငွေကြယ်ပွင့်အဖြစ် ကျော်ကြားသူ စားဖိုမှူး ဟိုဆေး အန်ဒရေနဲ့ သူ့ရဲ့ ပရဟိတ အဖွဲ့ World Central Kitchen ဟာ ဟာရီကိန်းမုန်တိုင်းဒဏ်သင့် ပွါတိုရီကို ကျွန်းပေါ်က ပြည်သူတွေကို စားစရာဘူး ၁ သန်း ဝေငှပြီး သမိုင်းမှတ်တိုင် ထူလိုက်ပါတယ်။ သူ့အလှူဟာ ကမ္ဘာ့ကြက်ခြေနီအသင်းက ဝေငှတဲ့ စားနပ်ရိက္ခာထက် ပိုများတယ်လို့လည်း ဝါရှင်တန်ပို့စ် သတင်းစာက အစီရင်ခံပါတယ်။ ဒီလို စိတ်လှုပ်ရှားစရာ သမိုင်းမှတ်တိုင်ကို ရောက်နိုင်ဖို့ ဟိုဆေးနဲ့ သူ့ရဲ့စားဖိုမှူး ကွန်ရက်ဟာ မီးဖိုချောင် ၁၅ ဆောင်နဲ့ လုပ်အားပေး အယောက် ၅၀၀ ရဲ့ အကူအညီကို ယူခဲ့တယ်။ လူတွေရဲ့ တရက် လိုအပ်ချက်အနေနဲ့ စားစရာဘူး ၁ သိန်း ၂ သောင်းကျော်ကို ပြင်ဆင်ဖို့ စားစရာ ကုန်ကားဆယ်စီးစာ သုံးခဲ့ရတယ်လို့ သူ့ရဲ့ အကျိုးအမြတ် မယူတဲ့ အဖွဲ့အစည်းက ကြေညာချက် ထုတ်ပြန်ပါတယ်။ စားဖိုမှူး ဟိုဆေး အန်ဒရေက “ဒီကျွန်းပေါ်မှာ ၂၁ ရက် နေအပြီးမှာ ပွါတိုရီကို ကျွန်းသူ ကျွန်းသားတွေအတွက် စားစရာဘူး အရေအတွက် ၁ သန်း ရောက်တော့မယ်၊ ကြီးမြတ်တဲ့နေ့ပဲ။ ကျနော် ခင်ဗျားတို့အားလုံးကို ချစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။ နှစ်ပေါင်း ၉၀ အတွင်း အားအကောင်းဆုံး ဟာရီကိန်းမုန်တိုင်းအဖြစ် အာရ်မာ မုန်တိုင်းဟာ ပွါတိုရီကိုနဲ့ မာရီယာ ကျွန်းတွေကို တိုက်ရိုက် ၀င်ရောက်တိုက်ခတ်ခဲ့တာပါ။ ဒါကြောင့် လူအနည်းဆုံး ၄၃ ယောက် သေဆုံးပြီး လျှပ်စစ် ဓာတ်အားပေးလိုင်းတွေနဲ့ တခြား အခြေခံအဆောက်အဦတွေ ပျက်စီးခဲ့ပါတယ်။

More News
Up