Home
မြန်မာသတင်း
မိန်းကလေးငယ်များကို ပန်းဦးလွှတ်နေသည့် ခွန်တန်ကြောင့် ပအိုဝ်းလူမျိုးများ ဂုဏ်သိက္ခာထိခိုက်
DVB
·
October 21, 2017
မွန်ပြည်နယ်၊ သထုံမြို့နယ်က အလံတရာမှာ ဖြစ်ပွားနေတဲ့ ခွန်တန်(ခေါ်) ဇာတ်လိုက်ကို ပန်းဦးဆက်နေရတယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာခဲ့ပြီး သူ့လုပ်ရပ်တွေကြောင့် ပအိုဝ်းလူမျိုးတွေရဲ့ ဂုဏ်သိက္ခာကို ထိခိုက်မှုတွေ ရှိတယ်လို့ မွန်ပြည်နယ် ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရွှေသင်းက  ပြောပါတယ်။ ခွန်တန်(ခေါ်) ဇာတ်လိုက်ဟာ ရှမ်းပြည်နယ်က ပအိုဝ်းဖြစ်ပြီး သာသနာရေးနဲ့ မကိုက်ညီတဲ့ လုပ်ရပ်တွေကြောင့် တားဆီးပိတ်ပင်ဖို့အတွက် သက်ဆိုင်ရာ ပအိုဝ်းအဖွဲ့အစည်းတွေနဲ့ ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလကလည်း အလံတရာဘုရားကြီးကို ပြုပြင်ဖို့ ခွန်တန်(ခေါ်)ဇာတ်လိုက်ရဲ့ အမိန့်အရဆိုပြီး မြို့နယ်သံဃာ့နာယက အဖွဲ့ကို အကြောင်းကြားခြင်းမရှိဘဲ ဦးအောင်ထွန်းလှ၊ ဦးသာမောင်၊ ဦးဒီ(ခ) ဦးစိုးမြင့်၊ဦးရွှေတလီနဲ့ ဦးမြရှင်တို့  ၅ ဦးက ၀ါဒဖြန့်ခဲ့ပြီး သူတို့ကို လက်ရှိမှာ ရာဇသတ်ကြီး ပုဒ်မ-၂၉၅/ ၂၉၅(က)/၄၃၁ အရ ဖမ်းဆီးပြီး စက်တင်ဘာလ ၈ ရက်နေ့ကတည်းက သထုံမြို့နယ်က အချုပ်ထဲမှာ ထိန်းသိမ်းထားခဲ့တာပါ။ မွန်ပြည်နယ် ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရွှေသင်းက “ခွန်တန်ကို ယုံကြည်ကိုးကွယ်တဲ့လူတွေက တော်တော်များများလေးရှိကြတယ်။ အစွန်းရောက်တဖက်သတ် ဆန်ဆန်ပေါ့။ သူဘာလုပ်လုပ် မဟုတ်တာဘဲ လုပ်လုပ် ကောင်းတာချည်းပဲ မြင်ကြတယ်။ သူလုပ်တာကိုလည်း ဘေးနားက လူတွေကလည်း လော်ဘီလုပ်တယ်လို့ပဲပြောရမလား။ ပုံကြီးချဲ့တယ်ပေါ့။ အလံတရာ ဆရာတော်ဝင်စားတာလို့ သူပြောတယ်။ ၀င်စားရင်လည်း ၀ိနည်းသိက္ခာနဲ့ နေဖို့ကောင်းတယ်။ ဘုန်းကြီးဝတ်လိုက်၊ ထွက်လိုက်၊ ဗရုတ်သုတ်ခ လုပ်လိုက်နဲ့ပေါ့။ ကျနော်တို့ အမြော်အမြင်ရှိတဲ့ တိုင်းရင်းသားလူကြီးတွေရော၊ ပညာတတ် လူငယ်အဖွဲ့တွေရော အားလုံး ပအိုဝ်းသိက္ခာကျတာကို မဖြစ်စေချင်ဘူး” လို့ ပြောပါတယ်။ ခွန်တန်ဟာ အလံတရာက ဒေသခံတွေကို ဘာသာရေးအကြောင်းပြကာ စည်းရုံးနေတာလို့ ဆက်ပြောပါတယ်။ “ဘုရားတည်တယ်ဆိုရင် ကျနော်တို့ ပအိုဝ်းတွေက ဘာသာတရား တအားကိုင်းရှိုင်းတော့ ဘုရားဒကာတွေ လုပ်ချင်ဖြစ်ချင်ကြတယ်။ ဒီအညှာကို ကိုင်တာပေါ့။ ပအိုဝ်းလူမျိုးတွေရဲ့ပုံရိပ်ကို ထိခိုက်ပါတယ်။ သူက အလံတရာဆရာတော် ၀င်စားတယ်လို့ ပြောလိုပြော၊ သူ့ဘေးနားက လူတွေကလည်း မြှောက်ထိုးပင့်ကော်လုပ်၊ သူက သိက္ခာတင်တယ်လို့ပြောပြီး မိန်းကလေးတွေ တယောက်ပြီးတယောက်ယူ၊ မိန်းကလေးတွေလည်း ခပ်ငယ်ငယ်လေးတွေပဲပေါ့နော်။ ဟိုတုန်းကဆိုရင် ရဟန်းဝတ် ဦးဇင်းတွေရဲ့ ခေါင်းပေါ်တက်နင်းတာတွေ လုပ်ခဲ့တယ်။ အဲလိုလုပ်တဲ့လူကို ဘာဖြစ်လို့ ၀ိုင်းဝန်းပြီး ကိုးကွယ်နေကြတာလဲ။ ကျနော်တို့ စိတ်မကောင်းဖြစ်မိတယ်။ နည်းမှန်လမ်းမှန်နဲ့ ကိုးကွယ်တဲ့ ဘာသာပဲဖြစ်စေချင်ပါတယ်။” ခွန်တန်ကို လက်ရှိမှာ အမျိုးသမီးငယ်များ ပန်းဦးလွှတ်ပေးနေရတယ်ဆိုတဲ့ကိစ္စနဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့နဲ့ ရှမ်းပြည်နယ် အစိုးရအဖွဲ့တို့ ပူးပေါင်းကာအရေးယူဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ ခွန်တန်နဲ့ သူ့ကိုအကာအကွယ်ပေးခဲ့တဲ့ အလံတရာအုပ်ချုပ်ရေးမှူးကိုလည်း အရေးယူပေးဖို့ တိုင်ကြားမှုတွေရှိလို့ လာမယ့်အပတ်မှာ အလံတရာနယ်မြေကို ကွင်းဆင်းစစ်ဆေးမှုတွေ လုပ်သွားမယ်လို့ တိုင်ကြားစာ၊ အသနားခံစာနှင့် အထွေထွေကိစ္စရပ်တွေ လေ့လာသုံးသပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကျော်သူက ပြောပါတယ်။ အမျိုးသမီးနဲ့ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင်လဲ့က “ပြည်သူတွေက အရင်ကတည်းက တိုင်တန်းခဲ့တယ်လို့ ပြောတယ်။ တိုင်တန်းတဲ့ဟာ အရာမထင်ခဲ့ဘူးလို့လည်း ပြောတယ်။ ဒါကတော့ ပြည်သူတွေပဲ ပိုပြီးတော့ သိပါလိမ့်မယ်။ အလံတရာအုပ်ချုပ်ရေးမှူးကို သက်ဆိုင်ရာအထွေထွေအုပ်ချုပ်ရေးမှူးဆီ တိုင်ထားပါတယ်။ အစိုးရရုံးကိုလည်း တိုင်ထားပါတယ်” လို့ ပြောပါတယ်။ ခွန်တန်ကို အရေးယူပေးဖို့ တိုင်ကြားသူတွေ ရှိလာတဲ့အတွက် လတ်တလောမှာ မုဒိန်းမှုနဲ့ အရေးယူဖို့ ဆောင်ရွက်နေပေမယ့် နောက်ပိုင်းမှာ ဥပဒေပညာရှင်တွေနဲ့ တိုင်ပင်ပြီး ယုံကြည်မှုကို အလွဲစားလုပ်မှု စသဖြင့် အဆင့်ဆင့် အရေးယူဆောင်ရွက်သွားနိုင်ဖို့ သက်သေအခိုင်အမာ ရယူနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများ စွမ်းရည်မြှင့်တင်ရေးရှေ့ဆောင်အဖွဲ့မှ ဒေါ်ခင်သန်းထွေးက ပြောပါတယ်။ “ကလေးတွေကိုလည်း အုတ်နံရံမှာ မှီရပ်ခိုင်းပြီး နောက်ကနေ ဆိုင်ကယ်နဲ့ သူတိုက်တယ်။ ဆိုင်ကယ်တိုက်လို့ ဒဏ်ရာအနာတရ ဖြစ်သွားခဲ့ရင် နောက်ကွယ်က ဒကာတွေ ခေါ်မှာပေါ့နော်။ သူတို့တွေက ငွေနဲ့လိုက်ဖုံးလိုက်တယ်။ သူစိတ်ကြိုက် လုပ်ချင်တာ လုပ်နေတာကို ခွင့်ပေးနေတာပဲလေ။ သူက ဘုန်းကြီးလည်း မဟုတ်ဘူး။ သူက ပြောတာကတော့ သူအာရုံထဲမှာ လာရင်လာသလို ၀တ်စားပြင်ဆင်တယ်ပေါ့။ သင်္ကန်းပတ်ရမယ်ဆိုရင် သူပတ်လိုက်တာပဲ။ သူက ဘုန်းကြီးမဟုတ်သလို သံဃာလည်း မဖြစ်ဘူး။ သံဃာဖြစ်ဖို့အတွက်ဆိုရင် သိမ်တက်တာတွေ လုပ်ရမယ်။ ဒါပေမယ့် သူက အထဲက အ၀တ်အစားနဲ့ သင်္ကန်းပတ်လိုက်တယ်။ အဲဒီအချိန်ဆိုသူက မော်တောင်မှမကြည့်တော့ဘူး။ သူတို့အရမ်းကိုကြောက်တယ်။ ဆရာတော်ဘုရားကြီး ၀င်ပူးလာပြီပေါ့။ သင်္ကန်းကို ရုံလိုက်၊ ဖြုတ်လိုက်၊ သူ့ကိုယ်မှာလည်း ဆေးမင်ကြောင်ချည်းပဲလေ။ သူတို့တွေက သူ့ကို နာမည်တောင် မခေါ်ရက်ဘူး။ ဇာတ်လိုက်ဆိုပြီးတော့ ခေါ်တာ။ သူတို့အဖို့က သူက ဇာတ်လိုက်ကြီး အဲလိုဖြစ်နေတာ။” လက်ရှိမှာ ခွန်တန်ဟာ ရှမ်းပြည်နယ်မှာ တိမ်းရှောင်နေတယ်လို့ သတင်းတွေထွက်ပေါ်နေပြီး သူဟာ မူးယစ်ဆေးဝါးမှုတွေနဲ့လည်း ဆက်နွှယ်ပတ်သက် နေတယ်လို့ သိရပါတယ်။ အဲဒီကိစ္စကို ဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက သတင်းမီဒီယာတွေကို ပြောကြားခဲ့ပေမယ့်လည်း လက်ရှိမှာ တစုံတရာ ညွှန်ကြားထားတာ မရှိသေးဘူးလို့ သိရပါတယ်။ သာသနာရေးနှင့်ယာဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်တွင်းပြည်ပ ဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးဌာနခွဲ(သာသနာရေး) မှ ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်းက “ကျနော်တို့ ဘာမှမသိရသေးပါဘူး။ အဲဒီဟာ ကျနော်တို့ဆီ ဘာမှ မတက်လာသေးဘူး။ တိုင်းဒေသကြီး အစိုးရတို့လွှတ်တော်တို့က ဆွေးနွေးတာတွေဖြစ်လိမ့်မယ်။ ကျနော်တို့ဆီတော့ တရားဝင် မလာသေးဘူး။ ကျနော်တို့ဆီကို တင်ပြထားတာ မရှိသေးပါဘူး” လို့ ဆိုပါတယ်။ ဒီလိုဖြစ်နေတာဟာ အရင်အစိုးလက်ထက်က ဖြစ်ပြီး သူ့ကို အရေးယူဖို့ သက်သေအခိုင်အမာ မရှိတာ၊ သူလုပ်ရပ်တွေကို တိုင်ကြားသူမရှိတာ၊ ရွာခံတွေအပါအ၀င် ကျေးရွာအုပ်ချုပ်ရေးမှူး ကိုယ်တိုင်ကပါ သူ့ဘက်က ကာကွယ်ပေးခဲ့တာတွေကြောင့် အရေးယူလို့ မရခဲ့တာဖြစ်ပါတယ်။ လာမယ့် နိုဝင်ဘာ ၆ ရက်နေ့မှာတော့ အမျိုးသမီးနှင့်ကလေးသူငယ်အခွင့်အရေးဆိုင် ကော်မတီရေးရာ အစည်းအဝေးတရပ်မှာ သက်ဆိုင်ရာဌာနအဖွဲ့အစည်းတွေ ရေးရာကော်မတီနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေပူးပေါင်းပြီး ဒီအကြောင်း ဆွေးနွေးကြမှာဖြစ်ပါတယ်။ သတင်း- အာကာမင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024