ယူအန်အက်ဖ်စီနှင့် အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်တို့ ရက်ပိုင်းအတွင်း တွေ့ဆုံမည်
DVB
·
October 20, 2017
ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) နဲ့ အစိုးရ ငြိမ်းချမ်းရေးကော်မရှင်တို့ လာမယ့် အောက်တိုဘာ ၂၃ နဲ့ ၂၄ ရက်နေ့တွေမှာ ၇ ကြိမ်မြောက် တွေ့ဆုံမယ်လို့ ယူအန်အက်စီက သတင်းထုတ်ပြန်ပါတယ်။
ဒီတွေ့ဆုံမှုမှာ ယူအန်အက်ဖ်စီရဲ့ အဆိုပြုချက် ၈ ချက်အပေါ် ကျန်ရှိတဲ့ အဆိုပြုချက်တွေကို ဆက်လက်ညှိနှိုင်း အဖြေရှာမှာဖြစ်ပြီး နှစ်ဖက်စလုံးက မျှော်လင့်ချက်ထားရှိခဲ့တဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (အန်စီအေ) လက်မှတ်ရေးထိုးနိုင်ရေး ဆောင်ရွက်နိုင်ဖို့ မျှော်လင့်ထားကြောင်းလည်း ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ၆ ကြိမ်မြောက် ဆွေးနွေးပွဲမှာ အဆိုပြုချက် ၁ ကနေ ၄ အထိ မူအားဖြင့် သဘောတူညီမှုရရှိခဲ့ပြီး ဒီတကြိမ်မှာတော့ အဆိုပြုချက် ၅ ကနေ ၈ အထိ ဆက်လက်ဆွေးနွေး ညှိနှိုင်းကြမှာ ဖြစ်ပါတယ်။
ယူအန်အက်ဖ်စီရဲ့ အဆိုပြုချက် ၈ ချက်အပေါ် နှစ်ဖက်အဖွဲ့တွေအကြား ညှိနှိုင်းဆွေးနွေးလာခဲ့တာ ၇ ကြိမ်မြောက် ရှိပြီဖြစ်ပေမယ့် အပြီးသတ် သဘောတူညီမှု မရရှိသေးဘဲ ဖြစ်နေတာ ၁၅ လတိုင် ရှိနေပြီ ဖြစ်ပါတယ်။