Home
မြန်မာသတင်း
ပေါင်မြို့နယ်က ကျောက်မိုင်းကုမ္ပဏီ စီမံကိန်းကို ဖျက်သိမ်းရန် အစီစဉ်မရှိဟု ဝန်ကြီးပြော
DVB
·
October 20, 2017
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဥတ္တံတားကျေးရွာမှာ Long Life Aggregate Mining Co.Ltd က တာဝန်ယူလုပ်ကိုင်နေတဲ့ ကျောက်မိုင်းကုမ္ပဏီရဲ့ စီမံကိန်းတွေကို ဖျက်သိမ်းဖို့ အစီအစဉ်မရှိဘူးလို့ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ပြောပါတယ်။ ကျောက်မိုင်းတွေကြောင့် ကျေးရွာ လူနေအိမ်တွေနဲ့ ရေအရင်းမြစ်တွေ ဆိုးရွားစွာ ပျက်စီးလာပြီး ဒေသခံပြည်သူလူထုက ၃ ကြိမ်အထိ ဆန္ဒပြ ကန့်ကွက်ခဲ့ပေမယ့် တစုံတရာ တုံ့ပြန်မှုမရှိတဲ့အတွက် ယင်းကျောက်မိုင်းကုမ္ပဏီရဲ့ စီမံကိန်းကို ဖျက်သိမ်းပေးဖို့ ရှိ၊ မရှိ မေးခွန်းကို အောက်တိုဘာ ၁၉ ရက်နေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာ ပေါင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိကွန်ချမ်းက မေးမြန်းခဲ့တာကို ပြန်လည်ဖြေကြားခဲ့တာ ဖြစ်ပါတယ်။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက “ဆန်းစစ်ချက်များအရ (EMP) ရေးဆွဲထားပြီး ဆောင်ရွက်နေမှု၊ မိုင်းသုံးစွဲမှုနှင့် ပတ်သက်၍ ကာကွယ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ လိုက်နာဆောင်ရွက်မှု၊ ကျောက်မိုင်းအား ကျွမ်းကျင်အင်ဂျင်နီယာ ဝန်ထမ်းတွေနဲ့ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေး၊ တုန်ခါမှု၊ ဆူညံသံများအား စနစ်တကျ ထိန်းချုပ်နိုင်ရေးအတွက် စီမံဆောင်ရွက်ထားခြင်း၊ အစားထိုးသစ်ပင်တွေ စိုက်ပျိုးထားခြင်း၊  မြေဆီလွှာတိုက်စားခြင်း၊ မြေပြိုခြင်းများမှ ကာကွယ်ရန် ဗာတီဘာမြက်၊ ကန်စွန်းနွယ်၊ နတ်မြှား စသော မြေထိန်းသစ်ပင်များ စိုက်ပျိုးထားခြင်း၊ နုန်းအနည်အနှစ်များ ဖမ်းယူရန်အတွက် နုန်းတားတမံများ တည်ဆောက်ခြင်း စသည့် ပတ်ဝန်းကျင်ဆိုင်ရာ အလေးထား လိုက်နာရမည့် အချက်များအား ဆောင်ရွက်ထားခြင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ ဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ EIA အား ရေးဆွဲတင်ပြ  အကြံပြုချက်များအတိုင်း ပြင်ဆင်ဆောင်ရွက်လျက်ရှိပြီး အတည်ပြုချက် ရရှိပါက လိုက်နာဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ “ဥပဒေနှင့်အညီ ခွင့်ပြုထားသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအား ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၏ အစီအစဉ်ဖြင့် ရပ်ဆိုင်းခြင်း မပြုကြရန် အသိပေး အကြောင်းကြားထားခြင်းတို့ကြောင့် စီမံကိန်းအား ရပ်ဆိုင်း ဖျက်သိမ်းပေးရန် အစီအစဉ် မရှိပါကြောင်းနှင့် လုပ်ထုံးလုပ်နည်း စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ကြောင်း တွေ့ရှိရပါက အရေးယူဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ရှင်းလင်းတင်ပြအပ်ပါတယ်” လို့ ဖြေကြားခဲ့ပါတယ်။ ၂၀၁၆-၂၀၁၇ ခုနှစ်အတွက် ကျောက်မိုင်း ၁၆ မိုင်းမှ အခွန်ငွေ သိန်း ၈၀၀ ကျော်သာရရှိပြီး Long Life ကုမ္ပဏီဟာ ကြိုတင်ငွေ ၂၅ သိန်းသာ ပေးသွင်းထားပြီး ဝင်ငွေခွန် မရှိသေးကြောင်း ဒေါ်မိကွန်ချမ်းက ပြောပါတယ်။ “ကျောက်မိုင်းတွေ ထုတ်လုပ်တဲ့နေရာမှာ နှုန်းထားအနေနဲ့ ၆ လက်မ၊ ၉ လက်မ ဆိုက်အစား တကယ်ထုတ်လုပ်နေတာက ၁ လက်မ၊ ၂ လက်မ ကျောက်တွေ ဖြစ်ပါတယ်။ ဒေသခံ ပြည်သူတွေရဲ့ တင်ပြချက်အရပါ။ ကာလပေါက်ဈေးအနေနဲ့ ကြည့်မယ်ဆိုရင် ကွာဟမှုက တကယ်ထုတ်နေတဲ့ ကျောက်ဆိုရင် သိန်းပေါင်း ၄၈၀၀ အခွန်ဆောင်ရမှာ ဖြစ်ပါတယ်။ သိန်းပေါင်း ၄၀၀၀ ကျော် အခွန်ကွဲလွဲနေတာတွေ ရှိတယ်” လို့ ပြောပါတယ်။ ကျောက်မိုင်းထုတ်လုပ်မှုကြောင့် ဥယျာဉ်ခြံနဲ့ လယ်မြေတွေမှာ သဲနုန်းတွေဖုံးလွှမ်းကာ လယ်နဲ့ခြံ ပျက်စီးမှုတွေနဲ့ ကြုံတွေ့နေရကြောင်း၊ မိုးရာသီမှာ သဲနုန်းတွေ အနည်ထိုင်လို့ ချောင်းမြောင်းတွေ တိမ်ကောကာ ရေကြီးရေလျှံမှုတွေနဲ့ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။ ဒေသခံတွေဟာ ကျောက်မိုင်းတွေ ဖောက်ခွဲတဲ့အခါ တောင်ပြို၊ မြေပြိုမှုကို စိုးရိမ်နေရတာ၊ မိုင်းဧရိယာ ၂ မိုင်လောက်မှာ တုန်ခါသံကြောင့် ထိတ်လန့်တကြား နေထိုင်ရတာ စတဲ့ ဆိုးကျိုးတွေကို နေ့စဉ်နဲ့အမျှ ခံစားနေကြရတယ်လို့ သိရပါတယ်။ ပေါင်မြို့နယ်မှာ လမ်းခင်းကျောက် ထုတ်လုပ်ခွင့်ပြုထားတဲ့ ကျောက်မိုင်း ၈ ခုအနက် ၄ ခုမှာ နှစ် ၃၀ ရေရှည်ထုတ်လုပ်ခွင့်ပြုထားတယ်လို့ သိရပါတယ်။ ဒေသခံ ပြည်သူလူထုက အကြိမ်ကြိမ် ကန့်ကွက်ဆန္ဒပြခဲ့ပေမယ့် အလေးထားခြင်းမရှိဘဲ ဆန္ဒပြတဲ့ ပြည်သူတဦးကိုလည်း ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့သလို ကျောက်မိုင်းထုတ်လုပ်ဖို့ အဲဒီကုမ္ပဏီကို မြေဧက ၂၂၅ ဧကအထိ ယခင်အစိုးရလက်ထက်က ခွင့်ပြုပေးခဲ့တာ ဖြစ်ပါတယ်။ သတင်း - အာကာမင်း၊ ဓာတ်ပုံ- Deci Mawlamyaing
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024