ပါကစ္စတန်က အာဖဂန် နယ်စပ်တလျှောက် ခြံစည်းရိုးတည်ဆောက်မှု စတင်

ဓာတ်ပုံ - စီဂျီတီအန်
ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန် ၂ နိုင်ငံကြား နယ်စပ်တလျှောက် ခြံစည်းရိုး တည်ဆောက်မှုကို ပါကစ္စတန်ဘက်က စတင်လိုက်ပါတယ်။ အာဖဂန်နစ္စတန်နိုင်ငံဘက်က စစ်သွေးကြွတွေ ကျူးကျော်ဝင်ရောက်မှုကို ဟန့်တားဖို့ ၉ ပေမြင့်တဲ့ ၂ ထပ်ခြံစည်းရိုးရဲ့ ထိပ်မှာ သံဆူးကြိုးတွေ တပ်ထားမယ်လို့ ဆိုပါတယ်။ အငြင်းပွားနယ်စပ်တလျှောက် အရံအတား တည်ဆောက်မယ့် ပါကစ္စတန်ရဲ့ စီမံကိန်းတွေကို အာဖဂန်နစ္စတန် အစိုးရက ဆန့်ကျင်ကန့်ကွက်ခဲ့တာပါ။ နယ်စပ်အရှည် ကီလိုမီတာ ၂၅၀၀ ရဲ့ နေရာအများစုကို ခြံစည်းရိုးခတ်ဖို့ ပါကစ္စတန် အစိုးရက စီစဉ်ခဲ့ပါတယ်။ အာဖဂန်အစိုးရကတော့ ဒီခြံစည်းရိုးဟာ ဗြိတိန် ကိုလိုနီခေတ် ၁၈၉၃ ခုနှစ်က ရေးဆွဲခဲ့တဲ့ ဒူရန်းမျဉ်းရဲ့ တဖက်တချက်မှာ နေကြတဲ့ ပုရှ်တွန် တိုင်းရင်းသား မိသားစုတွေနဲ့ မိတ်ဆွေတွေကို ပိုင်းခြားလိမ့်မယ်လို့ ပြောပါတယ်။ နယ်စပ်ခြံစည်းရိုး စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၅၃၂ သန်း လိုလိမ့်မယ်လို့ ပါကစ္စတန်စစ်တပ်က ခန့်မှန်းပါတယ်။ ခြံစည်းရိုးအပြင် စစ်သွေးကြွတွေ နယ်စပ်ကို ဖြတ်သန်းတာကနေ ဟန့်တားဖို့ နည်းပညာ အဆင့်မြင့် စောင့်ကြည့်ရေးစနစ်တွေကို တပ်ဆင်ပြီး နယ်စပ်တပ်စခန်း ၇၅၀ တည်ဆောက်ဖို့ စီမံကိန်းတွေလည်း ရှိနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up