ကျောက်ကြီးတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးကို အရေးယူပေးရန် ဆန္ဒပြ
DVB
·
October 20, 2017
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ လောင်ဘုတ် ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ အပိုင်စာရေးက လာဘ်ပေးလာဘ်ယူ အဂတိလိုက်စားလို့ဆိုကာ အောက်တိုဘာ ၂၀ ရက်နေ့ မနက် ၉ နာရီအချိန်က ဒေသခံ ၂ ဦး ဆန္ဒထုတ်ဖော်ခဲ့တယ်လို့ သိရပါတယ်။
လောင်ဘုတ် ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ အပိုင်စာရေးတို့ နှစ်ဦးဟာ ရပ်ကွက်အတွင်း အိမ်ခြံမြေ အပေါင်ခံတဲ့ကိစ္စတွေမှာ အခွန်ငွေအဖြစ် ၃၀ ရာခိုင်နှုန်း ကောက်ခံနေတာကို အရေးယူပေးဖို့ ခုလို ဆန္ဒထုတ်ဖော်ရတာလို့ ဆန္ဒပြသူတဦးက ပြောပါတယ်။
“ကျနော်တို့ရပ်ကွက်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ စာရေးက ခုလို ငွေကြေးတောင်းခံနေတာကို မခံနိုင်လို့ ဆန္ဒထုတ်ဖော်ရတာပါ။ ကျနော်တို့ ရပ်ကွက်မှာ စီပွားရေး အဆင်မပြေလို့ ရှိတဲ့ အိမ်ခြံမြေလေးတွေကို ပေါင်တယ်၊ ရောင်းတယ်ဗျာ။ ဒါကို အခွန်ငွေဆိုပြီး ၃၀ ရာခိုင်နှုန်း တောင်းခံတယ်။ မပေးရင် စာချုပ် မချုပ်ပေးဘူး။ ပေးမှ ချုပ်ပေးတယ်။ ဒီလိုအုပ်ချုပ်ရေးမှူးနဲ့ စာရေးတွေကို မကျေနပ်လို့ ခုလို နှစ်ဦးတည်း ဆန္ဒထုတ်ဖော်ရတာ ဖြစ်တယ်” လို့ ဆန္ဒပြရာမှာ ပါဝင်တဲ့ ကိုရန်နိုင်ဦးက ဒီဗွီဘီကို ပြောပါတယ်။
ဆန္ဒပြသူတွေက အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဒို့အရေး၊ လာဘ်ငွေတောင်းသူ အုပ်ချုပ်ရေးမှူးနဲ့ အပိုင်စာရေး အလိုမရှိ စတဲ့ ဆိုင်းဘုတ်ပါ စာသားတွေကို ကြွေးကြော်ကာ ကျောက်ကြီးမြို့အတွင်း လှည့်လည်လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့တာ ဖြစ်ပါတယ်။
အခုလို ကျေးရွာသားတွေ ဆန္ဒပြတဲ့အပေါ် လောင်ဘုတ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းက “ခု သူတို့ ဆန္ဒပြတောင်းဆိုနေတဲ့ ၃၀ ရာခိုင်နှုန်းပေးရမှ ကျနော်က လုပ်ပေးမယ်ဆိုတာ ကျနော် တောင်းခံထားခြင်းမရှိပါဘူး။ ဒီ၃၀ ရခိုင်နှုန်းကိုလည်း ကျနော့်ဆီမှာ မဖြစ်မနေ ချုပ်ပါဆိုပြီး အဲ့လိုမျိုးတွေ ကျနော်မပြောပါဘူး။ သူတို့ အကူအညီတောင်းလို့ စာချုပ်ချုပ်ဆိုတဲ့နေရာမှာ အသိသက်သေအနေနဲ့ပဲ ကူညီပေးခဲ့တာပဲရှိပါတယ်” လို့ ပြောပါတယ်။
ကျောက်ကြီးမြို့နယ်မှာ အခုလို ဆန္ဒပြတာဟာ ပထမဦးဆုံးအကြိမ် ဆန္ဒပြတာလို့လည်း သိရပါတယ်။
သတင်း - နေလင်းထိုက်