Home
မြန်မာသတင်း
ပြည်သူ့ခုံသမာဓိ ဖွဲ့စည်းနိုင်ရေး မြိတ်မြို့တွင် ဆွေးနွေး
DVB
·
October 20, 2017
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်၊ ပြည်သူ့ခုံသမာဓိ ဖွဲ့စည်းနိုင်ရေးအတွက် ဆွေးနွေးပွဲတခုကို ဗန္ဒုလလမ်းရှိ မြင့်မိုရ်ဟိုတယ်မှာ အောက်တိုဘာ ၁၈ ရက်နဲ့ ၁၉ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။ မြိတ်မြို့၌ ၂ ရက်တာ ကျင်းပပြုလုပ်တဲ့ ပြည်သူ့ခုံသမာဓိ အလုပ်ရုံဆွေးနွေးပွဲတွင် မြိတ်ခရိုင်အတွင်း ဒေသခံပြည်သူတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အရေးကြီးဆုံး အခက်အခဲ၊ ပြဿနာ၊ အကြောင်းအရာတွေကို တက်ရောက် ဆွေးနွေးခဲ့ပြီး၊ အငြင်းပွားဖွယ် ကိစ္စရပ်တွေမှာ ကြားဝင် ဖျန်ဖြေရာမှာ ပူးပေါင်းပါဝင်တဲ့ ဖြစ်စဉ်ရဲ့ အခန်းကဏ္ဍတွေ၊ ပြည်သူ့ခုံသမာဓိရဲ့ အခန်းကဏ္ဍ စတာတွေကို ထည့်သွင်းဆွေးနွေးခဲ့တယ်လို့ ယင်းဆွေးနွေးပွဲကို တက်ရောက်သူတွေဆီက သိရပါတယ်။ အဆိုပါ ပြည်သူ့ခုံသမာဓိ အလုပ်ရုံ ဆွေးနွေးပွဲမှာ မြိတ်ခရိုင်ထဲမှ ဒေသအသီးသီးက တက်ရောက် ဆွေးနွေးသူ အများစုဟာ လယ်ယာမြေ ပြဿနာတွေ၊ ဥယျာဉ် ခြံမြေတွေနဲ့ အခြားသော မြေယာကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ တက်ရောက် ဆွေးနွေးသူ ဦးတူးတူးက ပြောပါတယ်။ ခိုင်မြဲသစ္စာအဖွဲ့မှ ဦးစောအဲဖရက်က “ကျနော်တို့ တနင်္သာရီမြို့နယ်မှာဆိုရင် ကရင်တိုင်းရင်းသားတွေ အဓိက ရင်ဆိုင်နေရတာက mspp ဆီအုန်း ကုမ္ပဏီပါပဲ၊ အဲဒီကုမ္ပဏီဆိုရင် မြေယာပြဿနာတွေ အများကြီး ရင်ဆိုင်နေရတာ ရှိတယ်၊ ဒီကိစ္စကို ဖြေရှင်းပေးနိုင်ဖို့ အစိုးရက ခုံသမာဓိအဖွဲ့ဆိုပြီး ဖွဲ့ပေးထားတာ ရှိတယ်။ ဒါပေမယ့် အဲဒီအဖွဲ့မှာ ဒေသခံတွေ ပါဝင်မှု မရှိတာကြောင့် ယုံကြည်မှု သိပ်မရှိဘူး။ ဒီအတွက်ကြောင့် ပြည်သူတွေ ပူးပေါင်း ပါဝင်နိုင်တဲ့ ပြည်သူ့ခုံသမာဓိအဖွဲ့တခု ဖြစ်ပေါ်လာဖို့ ဒီဆွေးနွေးပွဲက ရရှိတဲ့ ရလဒ်တွေကို ပြန်လည်သုံးသပ်ပြီး၊ အသစ်ဖွဲ့စည်းနိုင်ဖို့ ကြိုးစားသွားမယ်” လို့  ပြောပါတယ်။ မြိတ်မြို့မှာ ကျင်းပပြုလုပ်တဲ့ ပြည်သူ့ခုံသမာဓိ အလုပ်ရုံဆွေးနွေးပွဲကို ဦးဆောင် ပညာရှင်တွေ ဖြစ်တဲ့ Dr.Tom နဲ့ Ms.Jo တို့က ဆွေးနွေးပွဲ ကျင်းပခဲ့ပြီး၊ ဆွေးနွေးပွဲကို လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ CSO အဖွဲ့များ၊ မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်၊ တောင်သူလယ်သမားများနဲ့ ဒေသခံပြည်သူများ တက်ရောက် ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ သတင်း - ဇော်ဇော် (မြိတ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024