ရုရှားသမ္မတရွေးကောက်ပွဲ ဝင်မည်ဟု ရုပ်သံအစီအစဉ်တင်ဆက်သူ အမျိုးသမီး ပြောကြား

ဓာတ်ပုံ - ရိုက်တာ
2.4K
ရုရှားနိုင်ငံက ရုပ်သံအစီအစဉ်တင်ဆက်သူ အမျိုးသမီးတဦးဟာ လာမယ့်နှစ် ရုရှားသမ္မတ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ အောက်တိုဘာ ၁၈ ရက်နေ့က ပြောကြားလိုက်ပါတယ်။
ရုရှားနိုင်ငံရဲ့ ဖွဲ့စည်းပုံဥပဒေအရ သမ္မတလောင်း ဝင်ရောက်ယှဉ်ပြိုင်မယ့်သူဟာ အသက် ၃၅ နှစ်နဲ့အထက် ရှိရမှာဖြစ်ပါတယ်။
ရုပ်သံအစီအစဉ်တင်ဆက်သူ ကတ်ရှီးညာက “ကျမနာမည် ကတ်ရှီးညာ ဆပ်ချက်ခ်ပါ။ အသက် ၃၆ နှစ်ပါ။ ရုရှားနိုင်ငံသားတယောက်အနေနဲ့ ကျမမှာ သမ္မတ ဝင်အရွေးခံခွင့်ရှိပါတယ်။ ကျမဟာ အဲဒီအခွင့်အရေးကို အသုံးချမှာပါ” လို့ ပြောလိုက်ပါတယ်။
ကတ်ရှီးညာရဲ့ဖခင်ဟာ ပြုပြင်ပြောင်းလဲရေးသမားတဦး ဖြစ်သလို စိန့်ပီတာစဘတ် မြို့တော်ဝန်ဟောင်းလည်းဖြစ်ကာ မိခင်ကတော့ ရုရှားပါလီမန် အထက်လွှတ်တော်အမတ်တဦး ဖြစ်ပါတယ်။
ကတ်ရှီးညာဟာ မြို့တော်မော်စကိုရှိ ထိပ်တန်း နိုင်ငံတကာဆက်ဆံရေး တက္ကသိုလ်ကနေ ဘွဲ့ရခဲ့ပြီးနောက် Dom 2 လို့ ထင်ရှားတဲ့ ရုရှား တီဗွီအစီအစဉ်တခုမှာ နိုင်ငံကျော် အစီအစဉ်တင်ဆက်သူတဦး ဖြစ်လာပါတယ်။
ဒါ့အပြင် အတိုက်အခံဘက်ယိမ်းတဲ့ ရုရှားရုပ်သံ TV Rain မှာ သတင်းကြေညာသူအဖြစ်လည်း လုပ်ဆောင်နေပါတယ်။
ကတ်ရှီးညာဟာ အတိုက်အခံ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတဦးအဖြစ် ပါဝင်ခဲ့ပြီး ဆိုရှယ်မီဒီယာမှာ ရုရှားအစိုးရကို ဆန့်ကျင် ပြောဆိုခဲ့ပါတယ်။
“၅ နှစ်လောက် အတိုက်အခံ တက်ကြွလှုပ်ရှားသူတွေနဲ့ လူပေါင်း သောင်းနဲ့ချီဟာ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ပြီး အပြောင်းအလဲတွေကို တောင်းဆိုခဲ့ကြတယ်။ ဒါပေမယ့် အပြောင်းအလဲတွေကနေ ဘာအကျိုးအမြတ်မှ မရခဲ့ကြဘူး။ အကျင့်ပျက်အရာရှိတွေ ဆက်ပြီး လိမ်နေကြတယ်။ အာဏာရှိသူတွေ ဆက်ပြီး ခိုးနေကြတယ်” လို့ ကတ်ရှီးညာက ပြောခဲ့တာပါ။
ဒါပေမယ့်လည်း လာမယ့်နှစ် ရုရှားသမ္မတ ရွေးကောက်ပွဲမှာ လက်ရှိသမ္မတ ပူတင်သာ အလွယ်တကူ ပြန်လည်ရွေးကောက်ခံရဖွယ်ရှိတယ်လို့ လူထုသဘောထား စစ်တမ်းတွေမှာ ဖော်ပြထားပါတယ်။