ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအတွက် ကမ္ဘောဇ (BFM) က ကျပ်သိန်း ၃ သောင်း လှူဒါန်း
DVB
·
October 20, 2017
ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်မယ့် ကဏ္ဍစုံလုပ်ငန်းစဉ်မှာ အသုံးပြုဖို့ ကမ္ဘောဇ (BFM) က ငွေကျပ် သိန်း ၃ဝဝဝဝ လှူဒါန်းလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေတဲ့ ရခိုင်ပြည်နယ်အတွင်း လူသားချင်း စာနာမှု အကူအညီအထောက်အပံ့ ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်းကော်မတီထံ အလှူငွေ ကျပ်သိန်းပေါင်း ၃ဝဝဝဝ ကို ကမ္ဘောဇ အနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်း (BFM) က အောက်တိုဘာ ၁၉ ရက်က လှူဒါန်းခဲ့တာလို့ ပြန်ကြားရေးဝန်ကြီးဌာန ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
BFM အနေနဲ့ အပြစ်မဲ့သူတွေ ထိခိုက်မှု မရှိစေရေးအတွက် လူသားချင်း စာနာထောက်ထားမှု အကူအညီပေးဖို့ နိုင်ငံတော်အစိုးရရဲ့ လုပ်ဆောင်မှုကို ကူညီအားပေးတဲ့အနေနဲ့ လှူဒါန်းတာလို့ ဆိုပါတယ်။
ကမ္ဘောဇ အနာဂတ်အလင်းတန်းမြန်မာ ဖောင်ဒေးရှင်း (BFM) ဟာ စတင်တည်ထောင်တဲ့ ၂ဝဝ၈ ခုနှစ်ကနေ ဒီနေ့အထိ နိုင်ငံတော်နဲ့ ပြည်သူအတွက် ကဏ္ဍပေါင်းစုံ စုစုပေါင်း ငွေကျပ် ၁၃၅ ဘီလီယံကျော် လှူဒါန်းခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။