တောဝက်ရိုင်းနှင့် အမဲလိုက်ခွေးများကို တိုက်ခိုက်စေသည့် ကစားပွဲ ဝေဖန်မှုမြင့်တက် (ရုပ်သံ)

ဓာတ်ပုံ - ရိုက်တာ
အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပလေ့ရှိတဲ့ တောဝက်ရိုင်းတွေနဲ့ အမဲလိုက်ခွေးတွေ တိုက်ခိုက်စေတဲ့ သွေးထွက်သံယို ကစားပွဲပေါ် ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။ အဒူဘာဂွန်း (Adu Bagong) လို့ခေါ်တဲ့ ဒီကစားနည်းဟာ အင်ဒိုနီးရှားနိုင်ငံ၊ ဂျာဗားကျွန်းမှာ နာမည်ကြီးတဲ့ ရိုးရာပွဲတခုဖြစ်ပြီး ဘေးပတ်ပတ်လည် ဝါးထရံတွေ ကာရံထားတဲ့ အကျယ် ၁၅ မီတာနဲ့ မီတာ ၂၀ ကြားရှိ သတ်ကွင်းထဲမှာ တိရစ္ဆာန်တွေကို တိုက်ခိုက်သတ်ပုတ်စေကာ ပရိသတ်တွေက ဘေးက ဝိုင်းကြည့်ရတာမျိုး ဖြစ်ပါတယ်။ စနစ်တကျ လေ့ကျင့်ပေးထားတဲ့ အမဲလိုက်ခွေးတွေကို သတ်ကွင်းထဲမှာ တောဝက်ရိုင်းနဲ့ တကောင်ချင်း တိုက်ခိုက်စေကာ ခွေးဟာ တောဝက်ကို ဘယ်လောက်တိုက်နိုင်သလဲ၊ ဘယ်လိုတုံ့ပြန်နိုင်သလဲဆိုတဲ့အပေါ်မှာ ဒိုင်တွေက အမှတ်ပေးကြတာ ဖြစ်ပါတယ်။ ဒီပွဲမှာ တောဝက်ဟာ ဆိုးဆိုးဝါးဝါး ထိခိုက်ဒဏ်ရာ မရခဲ့ဘူးဆိုရင်တော့ နောက်ပွဲတွေမှာ ဆက်အသုံးပြုလေ့ရှိပြီး မထနိုင်တော့ဘဲ ရှုံးနိမ့်ပြီဆိုရင်တော့ သားသတ်ရုံကို ပို့လိုက်ကြတော့တာပါပဲ။ ပြိုင်ပွဲဝင်မယ့် အမဲလိုက်ခွေးတွေကိုတော့ ကိုယ်အလေးချိန်၊ အရွယ်အစားနဲ့ အရင်တိုက်ခိုက်ခဲ့မှု မှတ်တမ်းတွေအရ ၃ မျိုးခွဲခြားလက်ခံပြီး ဝင်ကြေးငွေ ၁၄ ဒေါ်လာမှ ၁၅၀ ဒေါ်လာထိ အစားစားပေးသွင်းရတာပါ။ ပြိုင်ပွဲမှာ တောဝက်ဖြစ်စေ၊ အမဲလိုက်ခွေးဖြစ်စေ တကောင်ကောင် ထိခိုက်ဒဏ်ရာရသည်အထိ ယှဉ်ပြိုင်စေတာဖြစ်ပြီး အနိုင်ရရှိတဲ့ခွေးကတော့ ဆုတံဆိပ်နဲ့ ဆုကြေး ဒေါ်လာ ၂၀၀၀ ရရှိမှာဖြစ်ပါတယ်။ ဒီရိုးရာပွဲဟာ ၁၉၆၀ ပြည့်နှစ်ကာလတွေကတည်းက စတင်ခဲ့ကာ စိုက်ခင်းတွေကို ဝင်ဖျက်ဆီးတဲ့ တောဝက်တွေကို ဒေသခံလယ်သမားတွေက ဖမ်းဆီးရမိပြီး တီထွင်ရာက အစပြုခဲ့တယ်လို့ ဆိုပါတယ်။ ပွဲကိုနှစ်သက်တဲ့ ပရိသတ်တွေကတော့ ဒါဟာ နိုင်ငံရဲ့ ထိန်းသိမ်းသင့်တဲ့ ရိုးရာပွဲတော်ဖြစ်တာမို့ ထိန်းသိမ်းစောင့်ရှောက်သင့်တယ်လို့ မှတ်ချက်ပေးကြပါတယ်။ တိရစ္ဆာန်အခွင့်အရေးဆိုင်ရာ လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေကတော့ ဒီရိုးရာအမဲလိုက်ခွေးစွမ်းရည်ပြ ကစားနည်းဟာ တိရစ္ဆာန်တွေအပေါ် ရက်စက်လွန်းရာကျတဲ့ လုပ်ရပ်ဖြစ်တယ်ဆိုပြီး ပိတ်ပင်ခိုင်းဖို့ သက်ဆိုင်ရာကို ဖိအားပေး တောင်းဆိုနေကြတာလည်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up