Home
မြန်မာသတင်း
ငါးနှင့်ရေသယံဇာတ နိုင်ငံတကာတင်ပို့နိုင်ရေး ရေရှည်စီမံကိန်းချ၍လုပ်သင့်ဟု အကြံပြု
နေဖြိုးဝင်း
·
October 19, 2017
ငါးနဲ့ ရေသယံဇာတတွေကို နိုင်ငံတကာ တင်ပို့နိုင်တဲ့အထိ အစိုးရက ရေရှည်စီမံကိန်း ချပြီးလုပ်သင့်လို့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်က အမျိုးသားလွှတ်တော်မှာ အကြံပြု တင်ပြခဲ့ပါတယ်။ အောက်တိုဘာလ ၁၉ ရက်နေ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ မြန်မာနိုင်ငံရဲ့ ငါးလုပ်ငန်းနဲ့ ရေလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်ပြီး ငါးနဲ့ရေသယံဇာတတွေကနေ ရသင့်ရထိုက်တဲ့ အခွန်အခတွေ ရရှိစေဖို့၊ ရေသယံဇာတတွေ ထိန်းသိမ်းနိုင်အောင် ကမ်းနီးကမ်းဝေးကနေ ဖမ်းဆီးရမိတဲ့ ငါးနဲ့ ရေသယံဇာတတွေကို စစ်ဆေးရေးဂိတ်တွေရှိတဲ့ ငါးတင်၊ ငါးချ ဆိပ်ကမ်းတွေပေါ် တင်ပြီး စစ်ဆေးမှတ်တမ်းတင်ပြီးမှ စက်ရုံ သို့မဟုတ် ပြည်ပကို Free On Board(FOB)၊ Cast Insurrances Freight(CIF) လို ငါးသယ်လှေတွေနဲ့ ပို့ဆောင်ခွင့်ပြုဖို့ အစိုးရကို တိုက်တွန်းကြောင်းအဆိုကို ဆွေးနွေးတာမှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး စိုးနိုင်က အခုလို အကြံပြုတာဖြစ်ပါတယ်။ “နိုင်ငံတော်အတွက် ရသင့်ရထိုက်တဲ့ အခွန်အခတွေရရှိဖို့အတွက် Check Point တွေက စစ်ဆေးအတည်ပြုပြီး FOB၊ CIF လို ငါးသယ်လှေတွေနဲ့ တင်ပို့နိုင်ရေးကို ရေတိုစီမံကိန်းထား အကောင်အထည်ဖော် ဆောင်ရွက်သင့်ပြီး နိုင်ငံအတွင်း ကုန်ချောအဆင့်ထိထုတ်လုပ်ကာ ဈေးကွက်ကိုထိုးဖောက်ပြီး နိုင်ငံတကာကို တင်ပို့ရောင်းချနိုင်တဲ့အဆင့်ထိ ရောက်အောင် အစိုးရက ရေရှည်စီမံကိန်းတွေ ရေးဆွဲချမှတ်ပြီး နိုင်ငံခြားငွေတိုးတက်ရရှိအောင် အလေးထား ဆောင်ရွက်သင့်တယ်လို့ အကြံပြုအပ်ပါတယ်” လို့ ဒုတိယဗိုလ်မှူးကြီး စိုးနိုင်က ဆိုပါတယ်။ အခွန်အခလျော့နည်းရရှိနေတာဟာ ငါးဖမ်းလှေတွေအနေနဲ့ ငါးလုပ်ငန်းဦးစီးဌာနက ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေအတိုင်း လိုက်နာဖမ်းဆီးမှုမရှိတာ၊ တရားမ၀င် ပြည်တွင်း၊ ပြည်ပ ငါးဖမ်းရေယာဉ်တွေ ၀င်ရောက်ဖမ်းဆီးနေတာ၊ ငါးနဲ့ ရေသယံဇာတဆိုင်ရာ သုတေသနလုပ်ငန်းတွေ ထိရောက်စွာမဆောင်ရွက်နိုင်တာကြောင့် ဖြစ်တယ်လို့လည်း ပြောပါတယ်။ ဒါအပြင် ပြည်တွင်း ငါးဖမ်းလှေတွေဟာ ကမ်းနီးကမ်းဝေးငါးဖမ်းလှေတွေ လိုက်နာရမယ့် သတ်မှတ်စည်းမျဉ်းတွေကို မလိုက်နာတာ၊ ငါးကပ်လှေတွေနဲ့ တရားမ၀င်ဝယ်ယူပြီး ပြည်ပကို တိုက်ရိုက်တင်ပို့နေတာ၊ တရားဝင် ငါးဖမ်းလှေတွေနဲ့ သဏ္ဌာန်တူပြုလုပ်ထားတဲ့ ငါးဖမ်းလှေတွေ နဲ့ ဖမ်းဆီးနေတာကြောင့်လည်း ရသင့်ရထိုက်တဲ့ ကုန်ကြမ်းတွေ၊ အခွန်တွေဆုံးရှုံးနေတာလို့ ဆိုပါတယ်။ တပ်မတော်အနေနဲ့ ပြည်တွင်းစည်းကမ်းပျက်ငါးဖမ်းလှေတွေနဲ့ ပြည်ပငါးခိုးလှေတွေကို နှစ်စဉ် ဖမ်းဆီးခဲ့တာ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်ထိ လှေ ၂၄၁ စီး၊ ဖမ်းဆီးရမိတဲ့ တန်ဖိုး အနေနဲ့ ၂၅၅၁၂၆၂ ဒသမ ၂၅၀ ရှိတယ် လို့ ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024