စတန့်ထွင်ပြီး လေယာဉ်အနိမ့် ပျံသန်းခဲ့သည့် လေယာဉ်မှူးများ တာဝန်မှရပ်နား (ရုပ်သံ)

အဲဘာလင်လေကြောင်းလိုင်းက လေယာဉ်မှူးတွေဟာ စတန့်ထွင်ပြီး လေယာဉ်အနိမ့် ပျံသန်းပြခဲ့လို့ ခရီးသည်တွေ ထိတ်လန့်တကြား ဖြစ်ခဲ့ရတဲ့အတွက် အဲဒီလေယာဉ်မှူးတွေကို တာဝန်က ရပ်နားလိုက်တယ်လို့ သိရပါတယ်။ ဒေဝါလီခံထားရတဲ့ အဲဘာလင် လေကြောင်းလိုင်းရဲ့ နောက်ဆုံးအကြိမ် ခရီးရှည်ပျံသန်းမှုအဖြစ် ခရီးသည် ၂၀၀ တင်ဆောင်လာတဲ့ လေယာဉ်ဟာ ဂျာမဏီနိုင်ငံ ဒူဆယ်ဒေါ့ဖ်လေဆိပ်ကို ဆင်းသက်စဉ် ဒီလို စတန့်ထွင်ပျံသန်းခဲ့တာလို့ သိရပါတယ်။ အမေရိကန်နိုင်ငံ မီယာမီကနေ ဂျာမနီကို ပျံသန်းလာတဲ့ လေယာဉ်အမှတ် အေ-၃၃၀ ဟာ အထိမ်းအမှတ် ပျံသန်းမှုအဖြစ် လေယာဉ်ကို တစောင်းပျံသန်းပြီး လေဆိပ်တာမီနယ်ဂိတ်နဲ့ အနီးကပ် ပျံသန်းခဲ့တာပါ။ နောက်ဆုံးအကြိမ် လေယာဉ်ပျံသန်းနေတဲ့ အတောင်ပံတွေကို ပြသတဲ့အနေနဲ့ အရှိန်မြှင့်ပြီး လေယာဉ်ကို ဘယ်ဘက်စောင်းကာ လေဆိပ်တာမီနယ်ဂိတ်နားကပ်ပြီး ပျံသန်းပြချိန်ဟာ လေဆိပ်မှာ ဆင်းသက်ခါနီးအချိန်လို့လည်း ဆိုပါတယ်။ “လေယာဉ်အမှတ် အေ-၃၃၀ က ကျမတို့ဆီ ပျံသန်းလာတော့ အတော် ထူးထူးဆန်းဆန်း ဖြစ်သွားတယ်။ အစောပိုင်းက လေယာဉ် အထိမ်းအမှတ်အဖြစ် ပျံသန်းတယ်ဆိုတာ ကျမတို့မသိဘူး” လို့ လေဆိပ်ဝန်ထမ်း အမျိုးသမီးတဦးက ပြောပါတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ဖက်ဒရယ်လေယာဉ်ပျံသန်းရေးအာဏာပိုင် (အယ်လ်ဘီအေ) က စုံစမ်းမှုတွေလုပ်မယ်လို့ ဒေသခံသတင်းတွေမှာ ထုတ်ပြန်ထားပါတယ်။ ဒါပေမယ့်လည်း ဒူဆယ်လ်ဒေါ့ဖ်လေဆိပ်ရဲ့ ထိန်းချုပ်မျှော်စင်က ရိုက်ကူးချက်မှာတော့ လေယာဉ်က သေချာချိန်ရွယ်ပြီး ပျံသန်းခဲ့တာဖြစ်လို့ လေဆိပ်က ဘယ်တဦးတယောက်ကိုမှ အန္တရာယ်ဖြစ်စေမှာ မဟုတ်ဘူးဆိုတာ မြင်ရတယ်လို့ ဆိုပါတယ်။ လေယာဉ်ရောက်ချိန်မှာ ထိန်းချုပ်မျှော်စင်ကလူတွေရဲ့ လက်ခုပ်သံကို ကြားရပြီး လေယာဉ်မှူးရဲ့ ဂျာမနီ အဲဘာလင်လေကြောင်းလိုင်းက ခရီးရှည်ပျံသန်းမှုကို မနက်ဖြန်စပြီး ရပ်နားတော့မယ်လို့ ကြေညာသံ ကြားရပါတယ်။ မီယာမီလေဆိပ်က ထွက်ခွာလာတုန်းကလည်း လေဆိပ်မီးသတ်ဌာနက ရေတွေလွှတ်ပြီး အလေးပြုကာ နောက်ဆုံးနှုတ်ဆက်ခဲ့တယ်လို့ ဆိုပါတယ်။ ပျံသန်းမှုမှာ အန္တရာယ်ကင်းရေးက ပထမဦးစားပေးဖြစ်လို့ ဒီအဖြစ်ကို သေသေချာချာ စုံစမ်းနေကြောင်း အဲဘာလင်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ အဲဘာလင်လေကြောင်းလိုင်းက သူတို့လေကြောင်းလိုင်းရဲ့ ပျံသန်းမှုတွေအားလုံးကို လာမယ့် အောက်တိုဘာ ၂၈ ရက်နေ့မှာ ရပ်နားတော့မယ်လို့ အောက်တိုဘာ ၉ ရက်နေ့က ကြေညာခဲ့တယ်လို့ မေရာသတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up