အမေရိကန် မေရီလန်းပြည်နယ်တွင် ပစ်ခတ်မှုဖြစ်၊ အနည်းဆုံး ၃ ဦး သေဆုံး

သေနတ်သမား၏ဓာတ်ပုံအား ရဲတပ်ဖွဲ့တာဝန်ရှိသူတဦး ပြသနေစဉ်။
အမေရိကန်နိုင်ငံ မေရီလန်းပြည်နယ် အက်ခ်ျဝုဒ်ဒေသက အမ်မာတန် ကုန်သွယ်ရေးပန်းခြံ (Business Park) ထဲမှာ သေနတ်ပစ်ခတ်မှုဖြစ်လို့ အနည်းဆုံး လူ ၃ ဦး သေဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာရတယ်လို့ သိရပါတယ်။ အောက်တိုဘာ ၁၈ ရက်နေ့က ဖြစ်ခဲ့တဲ့ ပစ်ခတ်မှုအတွင်း သံသယရှိတဲ့ လက်နက်ကိုင် အသက် ၃၇ နှစ်အရွယ် ရာဒီလာဘီပရင့်စ်ကို ရဲတွေက ရှာဖွေနေပြီး မျက်မြင်သက်သေတွေက သေနတ်ပစ်ခတ်သံ မကြားခင် မနက် ၉ နာရီလောက်က အခင်းဖြစ်ပွားတဲ့ အေဂျီအက်စ် ကုမ္ပဏီ (Advanced Granite Solutions) မှာ ကျယ်ကျယ်လောင်လောင် ရန်ဖြစ်စကားများသံတွေ ကြားရတယ်လို့ ပြောပါတယ်။ ဒေသတွင်းက ကျောင်းတွေကို ပိတ်ထားပြီး ကျောင်းသားတွေကိုလည်း အထဲမှာနေကြဖို့ အမိန့်ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အေဂျီအက်စ်ကုမ္ပဏီအနီးရှိ တခြားကုမ္ပဏီမှာ အလုပ်လုပ်တဲ့ မိုက်ဆယ်လီဗန်က သေနတ်ပစ်တယ်ဆိုတဲ့ သတင်းရပြီးနောက် သူနဲ့ သူ့ရဲ့လုပ်ဖော်ကိုင်ဘက်တွေကို အကာအကွယ်ယူဖို့ သတိပေးခံရပြီး “ကျနော်တို့ဘေးကုမ္ပဏီက လူတွေနဲ့ အပြင်မှာ စကားပြောဖြစ်တော့ ရန်ဖြစ်စကားများသံတွေ ကြားတယ်၊ ငြိမ်သွားတယ်၊ ပြီးတော့ ပိုပြီး ထပ်ကြားရတယ်လို့ ဘေးကုမ္ပဏီက လူကပြောတယ်” လို့ ပြောပါတယ်။ သေနတ်နဲ့ပစ်တဲ့ အကြောင်းရင်းကို မသိရသေးဘဲ ပစ်ခံရသူက သေနတ်နဲ့ သုံးကြိမ် ပစ်ခတ်ခံရတယ်လို့ သိရပါတယ်။ ဟာဖို့ဒ်ကောင်တီ အုပ်ချုပ်ရေးအရာရှိ ဂျယ်ရီဂါလာက “ဒီမနက်မှာ လူ ၃ ဦး သေဆုံးသွားပါတယ်။ ဒါက ကြုံသလိုပစ်ခတ်မှု မဟုတ်ပါဘူး၊ သေချာ ချိန်ရွယ်ပြီး ပစ်ခတ်ခဲ့တာ။ ပစ်ခံရတဲ့ နေရာမှာပဲ သေဆုံးသွားတဲ့ ၃ ဦး အပါအဝင် ပစ်ခတ်ခံရသူ ၅ ဦးလုံးက အဲ့ဒီကုမ္ပဏီရဲ့ ဝန်ထမ်းတွေ ဖြစ်ပုံရပြီး သေနတ်တလက်တည်းကိုပဲ သုံးသွားတာပါ။ ကျနော်တို့တွေ ဆက်စုံစမ်းနေပြီး သတိပေးမှုတွေလည်း လုပ်နေပါတယ်” လို့ ပြောပါတယ်။ ပစ်ခတ်မှုဖြစ်ခဲ့တဲ့ အောက်တိုဘာ ၁၈ ရက် နေ့လယ်မှာပဲ ဗိုလ်မှူးဝီလျံမ်ဒေးဗစ်က သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ပြီး သံသယရှိသူ သေနတ်သမားဟာ ဒီကုမ္ပဏီနဲ့ တနည်းနည်း ပတ်သက်တယ်လို့ ယူဆပေမယ့် ဘယ်လိုပတ်သက်တယ်ဆိုတာ မသိရှိကြောင်း၊ သေနတ်သမားနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်သိရင် ပေးကြဖို့ တောင်းဆိုလိုက်ပါတယ်။ မှတ်တမ်းအရ သေနတ်ပစ်ခတ်မှု သံသယရှိသူ ပရင့်စ်ဟာ မေလ ၂၀၁၇ ခုနှစ်အထိ ဝေလ်မင်တန်မြို့မှာ နေထိုင်ခဲ့ပြီး ဘာကြောင့် ပြောင်းရွှေ့သွားတယ်ဆိုတာ မသိဘူးလို့ အိမ်နီးချင်းတဦးရဲ့ အပြောအရ သိရပါတယ်။ မတ်လ ၂၀၁၅ ခုနှစ်ကနေ စရင် မေရီလန်းပြည်နယ် စက်ဆယ်ကောင်တီအတွင်း ပရင့်စ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှု အနည်းဆုံး လေးခုရှိခဲ့ပြီး အဲ့ဒီအမှုတွေထဲမှာ တရားမဝင် လက်နက်ကိုင်ဆောင်မှုလည်း ပါတယ်လို့ မေရာသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up