ယူကရိန်းတွင် လမ်းပေါ်သွားလာနေသူများကို ကားတစီးဝင်တိုက်၊ ၅ ဦး သေဆုံး

ဓာတ်ပုံ - ရိုက်တာ
2.4K
ယူကရိန်းနိုင်ငံ ခါလ်ခစ်မြို့မှာ အောက်တိုဘာ ၁၈ ရက်က လမ်းသွားလမ်းလာတွေကို ကားတစီး ဝင်တိုက်ခဲ့တာကြောင့် အနည်းဆုံး လူ ၅ ဦး သေဆုံးခဲ့ပြီး ၆ ဦး ဒဏ်ရာရခဲ့ပါတယ်။
ဒေသစံတော်ချိန် ည ၈ နာရီ မိနစ် ၄၀ လောက်က အသက် ၂၀ အရွယ် အမျိုးသမီးတဦး မောင်းနှင်တဲ့ SUV ကားဟာ မီးနီကို ဖြတ်မောင်းခဲ့လို့ တခြားကားကြီးတစီးနဲ့ ခေါင်းချင်းဆိုင် တိုက်မိပြီး SUV ကား လူသွားစင်္ကြံပေါ် လည်ထွက်ကာ လူအုပ်ကို ဝင်တိုက်မိခဲ့တာပါ။
ဒီအတွက် လူ ၅ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရကာ ၂ ဦးက စိုးရိမ်ရတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
မျက်မြင်တဦးက “ကားတိုက်သံကြားပြီး လှည့်ကြည့်တော့ ကားက တလိမ့်လိမ့်နဲ့ ခေါင်မိုးပေါ်ရောက်သွားတာ တွေ့လိုက်တယ်” လို့ ပြောပါတယ်။
ဒဏ်ရာရသူတဦးက “ကားတိုက်ခံရပြီး လဲသွားတယ်။ ကိုယ့်စိတ်ထဲမှာ စက္ကန့်ပိုင်းလောက်ပဲ လဲသွားတယ်ထင်တာ။ သူငယ်ချင်းကတော့ ၅ မိနစ်လောက်ကြာတယ်လို့ ပြောတယ်” လို့ ဆိုပါတယ်။
ခါလ်ခစ်ရဲတပ်ဖွဲ့ အကြီးအကဲကတော့ ကားဟာ လမ်းသွားလမ်းလာ ၁၁ ဦးကို တိုက်မိခဲ့ကြောင်း ပြောကြားခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။