အဝေးထိန်းခလုတ်ဖြင့် ဖောက်ခွဲနိုင်သည့် လက်လုပ်မိုင်းများ မောင်တောတွင် သိမ်းဆည်းရမိ
DVB
·
October 19, 2017
ရခိုင်ပြည်နယ် မောင်တောမြို့နယ် လက်ဖွဲ့ကျကျေးရွာအနီး သင်္ဘောလှချောင်းကမ်းပါးမှာ အဝေးထိန်းခလုတ်နဲ့ ဖောက်ခွဲနိုင်တဲ့ လက်လုပ်မိုင်းနဲ့ ဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့ တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဒီနေ့ ထုတ်ပြန်ပါတယ်။
မောင်တောမြို့နယ်၊ တောင်ပြိုဝဲမြို့ လက်ဖွဲ့ကျကျေးရွာ သင်္ဘောလှချောင်းကမ်းပါးအနီးမှာ လက်လုပ်မိုင်းတွေ တွေ့ရှိတဲ့အတွက် ဒေသခံတွေရဲ့ သတင်းပေးချက်အရ အောက်တိုဘာ ၁၇ ရက်ညနေ ၆ နာရီ ၄၀ မိနစ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အဆိုပါနေရာကို သွားရောက်စစ်ဆေးရာ အဝေးထိန်းခလုတ်နဲ့ ဖောက်ခွဲနိုင်တဲ့ သံပိုက်နဲ့ပြုလုပ်ထားတဲ့ လက်လုပ်မိုင်း ၄ လုံး၊ ကားပစ္စတင်နဲ့ ပြုလုပ်ထားတဲ့ လက်လုပ် မိုင်းအသေး ၁ လုံး၊ ဒေသန္တရလက်လုပ်မိုင်းအကြီး ၁ လုံး၊ အဝေးထိန်း ခလုတ် Transmitter Remote Control ၈ ခု၊ Receiver Circuit ၂ ခု၊ ၀ါယာကြိုး(နီ/နက်) ၄၀ ပေ၊ ၀ါယာကြိုး(နီ/၀ါ) ၅၆ ပေ၊ ၀ါယားကြိုး(အဖြူ) ၉ ပေ နဲ့ CDMA 450 အထိုင်ဖုန်း ၁ လုံး တို့ကို သိမ်းဆည်းရမိခဲ့တာပါ။
အဆိုပါနေရာတ၀ိုက်ကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဆက်လက်ရှင်းလင်း ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။