Home
ဆောင်းပါး
အကြမ်းဖက်ဝါဒကို ဘယ်လိုရင်ဆိုင်မလဲနဲ့... မျှခြေမှာ တည်နိုင်ဖို့
DVB
·
October 19, 2017
  ဒီကနေ့ ကမ္ဘာကြီးမှာ အကြမ်းဖက်ဝါဒဟာ  ကင်ဆာရောဂါလို ကပ်ငြိ အမြစ်ပွားပြီး လူ့အဖွဲ့အစည်းတရပ်လုံးရဲ့ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရှင်သန်နိုင်မှုကို တစတစ ပိုလို့ ခြိမ်းခြောက်လာနေပါတယ်။    ကမာ့္ဘနိုင်ငံ ခေါင်းဆောင်တွေ ခေါင်းခဲနေရတဲ့ ဒီအကြမ်းဖက်ဝါဒနဲ့ ဆိုးကျိုးသက်ရောက်မှုတွေ၊ ဆက်စပ်ပြဿနာတွေကို မီးလောင်တဲ့အခါ မီးသတ်ဘူး၊ မီးသတ်ပိုက်နဲ့ ငြှိမ်းသတ်သလို အကြမ်းဖက်လာတဲ့သူတွေကို ဗုံး၊ အမြောက်၊ သေနတ်တွေနဲ့ ပြန်လည်သတ်ဖြတ် ချေမှုန်းခြင်းဆိုတဲ့  အင်အားသုံး ဖြေရှင်းနည်းကိုသာ အားကိုးအားထားပြု ဖြေရှင်းလို့ မရနိုင်ဘူးဆိုတာ ကမ္ဘာနဲ့တဝန်းမှာ ပိုလိုတိုးပွားလာတဲ့ အကြမ်းဖက်တုံ့ပြန်မှုတွေက သက်သေခံနေပါတယ်။    ဘာကြောင့်လဲဆိုတော့ အကြမ်းဖက် မီးတောက်တခုကို ငြိမ်းသေသွားပေမယ့် နောက် အကြမ်းဖက်မှု မီးတောက်ပေါင်းများစွာကို အချိန်မရွေး ထတောက်စေမယ့် အကြမ်းဖက်ဝါဒ တွေးခေါ် သဘောတရားဟာ ရှင်သန် ကြီးထွား အမြစ်တွယ် ကျန်ရစ်နေသေးလို့ပါပဲ။ ဒီကနေ့ ကမ္ဘာ့အင်အားအကြီးဆုံးနိုင်ငံ အမေရိကန်ရဲ့ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးမူဝါဒနဲ့ မဟာဗျုဟာတွေမှာလည်း အထက်က ရေးခဲ့တဲ့ သဘောကို အလေးနက်ထားမှု မရှိဘဲ အကြမ်းဖက်မှုကို အကြမ်းဖက်နည်းကိုသာ အဓိကအားကိုးအားထားပြုပြီး  ဖြေရှင်းနေသေးတာကို တွေ့ရဆဲပါ။ ဒါဟာ ကမ္ဘာကြီးအတွက် ကောင်းတဲ့လက္ခဏာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်မှာ တောက်လောင်လာခဲ့တဲ့ အကြမ်းဖက်ဝါဒ မီးတောက်ကို  ငြှိမ်းသတ်ရာမှာ အင်အားသုံး ဖြေရှင်းမှုကိုသာ အားကိုးအားထား ပြုမယ်ဆိုရင် လောလောဆယ်  တောက်နေတဲ့မီး ငြိမ်းသွားနိုင်ပေမယ့် အင်အားသုံး ဖြေရှင်းရာမှာ အင်အားသုံးရသူတွေဟာ အမြော်အမြင်ရှိရှိ အင်အားကို မသုံးတတ်သူတွေ ဦးစီးလုပ်ကိုင်ရင် နောက်မီးတောက်တွေအတွက် လောင်စာဖြည့်ပေးသလို ဖြစ်လာတတ်ပါတယ်။    ခံစားချက်ကို ရှေ့တန်းတင်သူတွေ၊ လူမျိုးခြား ဘာသာခြား မုန်းတီးမှု အခြေခံရှိသူတွေရဲ့ အခွင့်သာတုန်း ဈါးလုံးသိမ်းယမ်းပြီး အမြစ်ဖြတ် ချေမှုန်းရမယ်၊ မည်းမည်းမြင်ရင် ပစ်ရမယ်ဆိုတဲ့ သဘော အလွန်မိုက်မဲ အသိဉာဏ်နည်းတဲ့ သွေးထိုးလှုံ့ဆော်မှုတွေဟာ အသံကြောင့် ဖားသေ ဆိုသလို လက်ရှိ အစိုးရကို ပိုအကျပ်အတည်းတွေ့အောင်၊ မြန်မာနိုင်ငံရဲ့ ပုံရိပ်ကို တမင်ရည်ရွယ်ချက်နဲ့ ကျဆင်းသလို ဖြစ်စေပါတယ်။    ဆိုလိုတဲ့သဘောက ပရမ်းပတာ အင်အားသုံး နှိမ်နင်းမှုတွေ၊ မဆင်မခြင် လှုံ့ဆော်မှုတွေဟာ တဖက်က အကြမ်းဖက်အုပ်စုအတွက် စာနာမှု ကရုဏာလှိုင်းတွေ ဖြစ်ပေါ်လို့ သူတို့နဲ့ ဘာသာတူ လူမျိုးတူသူတွေ သာမန်ပြည်သူတွေကြားမှာပါ အကြမ်းဖက်သူတွေအတွက် လက်တုံ့ပြန်လိုမှု၊ အကာအကွယ် ပေးလိုမှု ထောက်ခံမှုတွေ ရရှိစေနိုင်ပြီး နောက်ထပ် အကြမ်းဖက်မီးတောက်တွေ ဖြစ်စေဖို့ လောင်စာတွေ အားဖြည့်သလို ဖြစ်စေတော့တာပါပဲ။ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၇ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်ခြင်း ၂၉ နှစ်မြောက်နေ့ အခမ်းအနားမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ အမျိုးသားဂုဏ်သိက္ခာနဲ့ အချုပ်အခြာ အာဏာအတွက် တိုက်ပွဲဝင်နေရသလို အကြမ်းဖက်ဝါဒနဲ့ အကြမ်းဖက် ရက်စက်ကြမ်းကြုတ်မှုတွေကို ခုခံ တွန်းလှန်နေရတယ်လို့ ကြေညာခဲ့ပါတယ်။    ဒီတော့ အကြမ်းဖက်ဝါဒကို ဘယ်လိုတိုက်ဖျက်မလဲ မျှခြေမှာ တည်နိုင်အောင် ဘယ်လိုထိန်းညှိမလဲဆိုတဲ့ မေးခွန်းကို အလေးအနက် စဉ်းစား အဖြေရှာကြဖို့ လိုလာပါပြီ။ အကြမ်းဖက်ဝါဒကို ရင်ဆိုင်ဖြေရှင်းနိုင်ဖို့အတွက် ကျနော်တို့ဟာ အကြမ်းဖက်ဝါဒ ဘာကြောင့် ဖြစ်ပေါ်လာရတာလဲ၊ ဘယ်လို အကြောင်းတရားတွေက အကြမ်းဖက်ဝါဒကို တွန်းအားပေးနေတာလည်း ဆိုတာလည်း ဆိုတာကို မှန်မှန်ကန်ကန် နားလည် သိမြင်နိုင်အောင် လေ့လာသုံးသပ်ဖို့ လိုပါတယ်။    အကြမ်းဖက် အဖြေရှာတာ၊ အင်အားသုံး အနိုင်ကျင့်တတ်တဲ့ သဘာဝဟာ လူသားတွေ အပါအဝင်ဖြစ်တဲ့ သတ္တလောကရဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။    အတ္တကို ဗဟိုပြုထားတဲ့ သတ္တဝါအပေါင်းဟာ မိမိလောဘ  မောဟ ဒေါသ မာန်မာနတွေနဲ့ မိမိလိုအပ်ချက်နဲ့ လိုအင်ဆန္ဒတွေ မိမိနဲ့ မိမိအသိုင်းအဝိုင်း ရှင်သန်ရေး၊ အဆင်ပြေရေးအတွက် လက်နက်အင်အားကြီးသူက လက်နက်မဲ့သူ အားနည်းသူတွေအပေါ် အနိုင်ယူ ဖြေရှင်းတတ်တာ ဓမ္မတာတရပ် ဖြစ်ပါတယ်။    ရှေးဦး ဂူအောင်းလူသားတွေခေတ်ကနေ ဒီကနေ့ခေတ်အထိ လူ့သမိုင်း ဖြစ်စဉ်တွေကို စောင်းငဲ့  လေ့လာမယ်ဆိုရင် လူလူချင်း အနိုင်ကျင့် ဗိုလ်ကျပြီး အင်အားသုံး အကြမ်းဖက် ဖြေရှင်းတဲ့  ဖြစ်ရပ်တွေ   ခေတ်တိုင်းမှာ ထွန်းကားခဲ့တာ တွေ့ရမှာ ဖြစ်ပါတယ်။    ကျေးပိုင်ကျွန်ပိုင်ရှင်ခေတ်၊ ပဒေသရာဇ် မြို့ပြနိုင်ငံခေတ်တွေမှာ အင်အားကြီးသူ၊ လက်ဦးတဲ့သူတွေက အနိုင်ယူခဲ့ကြတာပါ။ ဒီကနေ့ မျက်မှောက်ခေတ်မှာလည်း အာဏာရှိသူ လက်နက်ရှိသူ လူနည်းစုက လူများစုကို အကြမ်းဖက် နှိပ်ကွပ်ဖြေရှင်းတာ၊ လူများစုက အရေအတွက် အားသာလို့ လူနည်းစုအပေါ် ဗိုလ်ကျတာ၊ လူနည်းစုကလည်း အကြမ်းဖက်လက်နက်ကိုင်ပြီး ပြန်တိုက်ခိုက်တာတွေ အားလုံးဟာ အကြမ်းဖက်ဝါဒမှာ အကျုံးဝင်ပါတယ်။    ဘယ်သူကပဲ စအကြမ်းဖက်တာဖြစ်ဖြစ် ထွက်ပေါက်မရှိဘူးထင်လို့ အကြမ်းဖက် အဖြေရှာတာဖြစ်ဖြစ်၊ အကြမ်းဖက်လာမှုကို တုံ့ပြန်ဖြေရှင်းရာမှာ စိတ်ခံစားချက် ရှေ့တန်းတင်ပြီး အကြမ်းဖက်နည်း သုံးလို့ ဖြေရှင်းတာတို့၊ မည်းမည်းမြင်ရာ ပစ်တာကို အားပေးအားမြှောက်ပြုတဲ့ ပရမ်းပတာ အကြမ်းဖက်ဖြေရှင်းဖို့ လှုံ့ဆော်တာတွေ၊ အခွင့်သာတုန်း ဝါးလုံးသိမ်း ယမ်းပြီး အမြစ်ဖြတ် ချေမှုန်းဖို့ တိုက်တွန်းလာတာတွေ အားလုံးဟာ အကြမ်းဖက်ဝါဒ ခေါင်းစဉ်အောက်မှာ အကျုံးဝင်ပါတယ်။    အကြမ်းဖက်ဝါဒကို ဘယ်လိုရင်ဆိုင် ဖြေရှင်းသင့်တယ်ဆိုတဲ့ မဆွေးနွေးခင် အဲဒီ အကြောင်းအရာနဲ့ ဆက်စပ်မှုရှိတဲ့ “မျှခြေ”အကြောင်း အနည်းငယ် ရေးပြချင်ပါတယ်။    စကြဝဠာအနန္တ အပါအဝင်ဖြစ်တဲ့ သြကာသလောက၊ သတ္တလောကတွေထဲက သက်ရှိ သက်မဲ့ အရာရာတိုင်းဟာ မျှခြေမှာ တည်နေကြပါတယ်။    အင်္ဂလိပ်လို ဂလက်ဆီလို့ ခေါ်ကြတဲ့ နဂါးငွေ့တန်းကြီးတွေကစလို့ ကြယ်တာရာ၊ ကြယ်တံခွန်တွေ၊ ဂြိုဟ်တွေ၊ အသေးငယ်ဆုံး အရာတွေဖြစ်တဲ့ မော်လီကျုး အက်တမ် ပရိုတွန် နျူတွန်တွေအထိ ပထဝီ၊  တေဇော၊ အာပေါ၊ ဝါယော ဆိုတဲ့ ဓာတ်ကြီးလေးပါး မျှတနေုပြီး ဆွဲငင်အားတွေ တွန်းကန်အားတွေ မျှခြေမှာရှိပြီး ဝန်းကျင်မှာရှိတဲ့ အရာတွေနဲ့ သဟဇာတကျကျ သမူဟပြုနေနိုင်မှ လည်ပတ်ရပ်တည် နေနိုင်ကြတာ ဖြစ်ပါတယ်။    အဲဒီလိုမဟုတ်ဘဲ မျှခြေ ပျောက်ဆုံးတာနဲ့ ပျက်သုဉ်း ပျောက်ကွယ်ကြရတာပါ။ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၆၅ သန်း ကာလတုန်းက ဥက္ကာပျံတွေ လာတိုက်လို့ဖြစ်ဖြစ်၊ မီးတောင်တွေ အကြီးအကျယ် ပေါက်ကွဲလို့ဖြစ်ဖြစ် ဖုန်လုံးကြီးတွေ၊ မီးခိုးလုံးကြီးတွေ ထပြီး ပိတ်ဆို့လို့ ကမ္ဘာ့မျက်နှာပြင်ပေါ်ကို နေရောင်ခြည် မကျရောက်နိုင်တဲ့အခါ သစ်ပင်တွေ သစ်တောတွေ မရှင်သန်နိုင်သလို ခန္ဓာအိမ် ကြီးမားလွန်းတဲ့ ဒိုင်နိုဆော သတ္တဝါကြီးတွေအတွက် အစားအစာနဲ့ ရှင်သန်ရေး လိုအပ်ချက်တွေ မပြည့်စုံတာမို့ သေဆုံး ပျောက်ကွယ်သွားရတာဟာ ဖြစ်ပေါ်လာတဲ့ အခြေအနေသစ်မှာ လိုက်လျောညီထွေအောင် မနေနိုင်တာမို့ မျှခြေ ပျောက်ဆုံးပြီး မျိုးတုံးခဲ့ရတာ ဖြစ်ပါတယ်။    ဘယ်လို သက်ရှိသတ္တဝါဖြစ်ဖြစ် ရုပ်နာမ်တွဲနေတဲ့ ခန္ဓာအိမ်ကို ထမ်းပိုးရင်း ကံ၊ စိတ်၊ ဥတု၊ အာဟာရတွေ မျှခြေမှာ ရှိနေရမယ့်အပြင် ဝန်းကျင်မှာရှိတဲ့ သက်ရှိ သက်မဲ့ အရာတွေနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ခြင်းဆိုတဲ့ သဟဇာတကျကျ နေနိုင်ပြီး အပြန်အလှန် သမူဟပြု မှီတွယ်ပေါင်းဖော် ရှင်သန်နိုင်တာကို အလေးထားဂရုပြုမိဖို့ အလွန်အရေးကြီးလှပါတယ်။    လူသားတွေနဲ့ အဟိတ်တိရစ္ဆာန်တွေ ကွာခြားချက်က အသိဉာဏ် ကိုယ်ကျင့်သီလ၊ ကိုယ်ချင်းစာတရား၊ ဗြဟ္မစိုရ်တရားတွေ ရှိခြင်း၊ မရှိခြင်းတွေမှာ ကွာခြားတာပါပဲ။ လူသားတွေဟာ အသိဉာဏ်တွေ ဖွံ့ဖြိုး၊ ယဉ်ကျေးမှုတွေ မြင့်မားလာတာနဲ့အမျှ တောရိုင်းဥပဒေသဖြစ်တဲ့ အကြမ်းဖက် အဖြေရှာတဲ့ ဓလေ့နဲ့ ဝါဒကို တားဆီးနိုင်အောင် ကျင့်ဝတ်ဥပဒေသတွေ ပြဋ္ဌာန်းလို့ တရားဥပဒေစိုးမိုးမှု ရှိအောင် ဆောင်ရွက်လာကြရပါတယ်။    လုပ်သေနတ်တွေ၊ တုတ်၊ ဓားတွေ ကိုင်ဆောင်ပြီး ညှပ်ဖိနပ်တွေ၊ ခြေဗလာတွေနဲ့ ARSA အာဆာ အကြမ်းဖက်အဖွဲ့ရဲ့ ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်နေ့မှာ ရခိုင်ပြည်နယ်က လုံခြုံရေးစခန်း ၃၀ ကို တပြိုင်နက် ဝင်ရောက် တိုက်ခိုက်ခဲ့တဲ့ အကြမ်းဖက်မှုကို ပြန်လည်တုံ့ပြန်ခဲ့ကြတဲ့ ဖြစ်စဉ်ကို ဥပမာပေးရရင် ဆင်းရဲသားရပ်ကွက်တခုမှာ အပေါင်းအသင်း မှားပြီး ဆိုးပေနေတဲ့ ကလေးဆိုးတွေက ယိုယွင်းခြစားနေတဲ့ အိမ်တအိမ်ရဲ့ ခြံစည်းရိုးကနေ ကျုးကျော်ခိုးဝင်ပြီး အိမ်သားတွေကို တိုက်ခိုက်လာတဲ့ အဖြစ်အပျက်မျိုးပါပဲ။ အဲဒီအိမ်ရဲ့ အုပ်ချုပ်ပုံ စည်းမျဉ်းကလည်း မမှန်မကန်နဲ့ အားနည်းချက်တွေ ရှိနေလေတော့ လူကြိုက်မများလှတဲ့ ဗလအကြီးဆုံးသားနဲ့ အပေါင်းအပါတွေက မိဘတွေနဲ့ မတိုင်မပင် ကာကွယ်ရမှာ ငါ့တာဝန်လို့ မှတ်ပြီး ထတွယ်တာပေါ့။ အော်သံဟစ်သံတွေ ဆူညံပြီး အိမ်သားတွေကော အကြမ်းဖက်လာသူတွေကော၊ ကြားက အပြစ်မဲ့သူတွေကော သေကျေထိခိုက်ဒဏ်ရာရလို့ ရုန်းရင်းဆန်ခတ် ဖြစ်ကြတော့ တရပ်ကွက်လုံး နိုးလာပြီး ကလေးနဲ့ လူကြီး ရန်ဖြစ်နေတာပဲ ပထမ မြင်ကြတော့တာပါပဲ။ အဲဒီအခါမှာ အပေါ်ယံကိုသာ ကြည့်ပြီး အလွယ်တကူ ဆုံးဖြတ် ယုံကြည်လွယ်တတ်တဲ့ လူများစုရဲ့ သဘာဝအရ အားနည်တဲ့ဘက်ကို ကရုဏာမိုးတွေ စွေလို့ ဝင်ရောက်စွက်ဖက်တော့တာပါပဲ။ အဲဒါ အပြင်ရပ်ကွက်တွင်းက ကလေးဆိုးတွေရဲ့ အပေါင်းအဖော်တွေကလည်း ဘက်လိုက်ပြီး အဆင်းမှာ ဘီးတပ်သလို ဝိုင်းအော်ကြတော့မှ အကျူးကျော်ခံရတဲ့ အိမ်က ဗလကြီးတဲ့ သားလည်း ဒီကိစ္စက စိတ်ခံစားချက် ရှေ့တန်းတင်ပြီး အင်အားသုံး ဖြေရှင်းရုံနဲ့ မရဘူးဆိုတာ သိပြီး အိမ်ထောင်စုရဲ့ အဆိုး အကောင်းကို တာဝန်ခံရတဲ့ အမေအိုနဲ့ မိဘတွေနောက်မှာ သွားရပ်ပြီး အကာအကွယ်ယူရတဲ့ ဥပမာလို ရခိုင်ပြည်အရေးက ဖြစ်ခဲ့တာပါ။ ဒီတော့ အကြမ်းဖက်ဝါဒကို ရင်ဆိုင်ရာမှာ ကျနော်တို့ဟာ အမေရိကန်တွေရဲ့ အမှားကို သင်ခန်းစာယူဖို့ လိုပါတယ်။    အမေရိကန်တွေဟာ အင်အားသုံး အနိုင်ယူတဲ့ ဓလေ့နဲ့ မွေ့ထုံလာတာဆိုတော့ မွတ်ဆလင်ကမ္ဘာ အရှေ့အလယ်ပိုင်းဒေသ ပြဿနာတွေကို သမိုင်းအဆက်ဆက်မှာ အင်အားသုံး ဖြေရှင်းလာခဲ့တာပါ။ အီရန်-အီရတ် ပြဿနာ၊ ပါလက်စတိုင်းနဲ့ အစ္စရေးပြဿနာ၊ လစ်ဗျားနဲ့ ဆီးရီးယားပြဿနာတွေ သူတို့ ဘယ်လို ဖြေရှင်းခဲ့တယ်ဆိုတာ တကမ္ဘာလုံးက သိပါတယ်။    အာဖဂန်က တာလီဘန်တွေနဲ့ အယ်လ်ကိုင်ဒါးအဖွဲ့တွေကို အင်အားသုံး ဖြေရှင်းနည်းကိုသာ အားပြုခဲ့တော့ ISIS တို့ ဘိုကိုဟာရန်ဆိုတဲ့ အဖွဲ့တွေ ပေါ်လာပြန်ပါတယ်။     တကယ်လို့ အမေရိကန်တွေက ISIS အဖွဲ့ကို အင်အားသုံး ချေမှုန်းနိုင်ရင်တောင် နောက်ထပ် အလားတူ အကြမ်းဖက်အဖွဲ့တွေ ထပ်ပေါ်လာဦးမှာပါပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ အကြမ်းဖက်ဝါဒ အိုင်ဒီရော်လော်ဂျီကို အဆိပ်ဖြေပေးဖို့ (Neutralization) အတွက် ပျော့ပျောင်းတဲ့ ချဉ်းကပ်မှု မဟာဗျူဟာ (Soft Approach strategy) မှာ အားနည်းနေလို့ ဖြစ်ပါတယ်။    ဟုတ်ပါတယ်။    အကြမ်းဖက်ဝါဒကို ရင်ဆိုင်ရာမှာ အင်အားသုံး ဖြေရှင်းမှု (Hard Approach) နဲ့ ပျော့ပျောင်းတဲ့ ချဉ်းကပ်မှု (Soft Approach) ၂ မျိုးစလုံးကို ဟန်ချက်ညီညီနဲ့ တရားဥပဒေစိုးမိုးရေးကို အခိုင်အမာတည်ဆောက်ဖို့ မျှခြေကို တည်ဆောက်ဖို့ အလွန်အရေးကြီးပါတယ်။    အင်အားသုံး ဖြေရှင်းနည်း - အမာနည်း (Hard Approach) ကို သုံးရာမှာတောင် အချိန်အဆမှန်မှန်နဲ့ အသုံးပြုမိအောင် အထူးသတိပြုရမှာ ဖြစ်ပါတယ်။    ပရမ်းပတာ မည်းမည်း မြင်ရင်ပစ်ဆိုတဲ့ အသိဉာဏ်နိမ့်တဲ့ အင်အားသုံး ဖြေရှင်းမှုဟာ အကြမ်းဖက်တဲ့သူတွေအပေါ် ကရုဏာမိုးစွေလို့ အကြမ်းဖက်ဝါဒ အိုင်ဒီရော်လော်ဂျီကို ကြားနေလူထုကြားမှာ အဆိပ်ပြန့်သလို မပြန့်ပွားအောင် အမြော်အမြင်ရှိရှိ သုံးရမှာ ဖြစ်ပါတယ်။    ပျော့ပျောင်းတဲ့ ချဉ်းကပ်နည်း (Soft Approach) ကတော့ အကြမ်းဖက်ဝါဒ အိုင်ဒီရော်လော်ဂျီ မကူးစက်သေးတဲ့ အသိုင်းအဝိုင်း လူ့အဖွဲ့အစည်းတွေကို ဘာသာရေး၊ လူမျိုးရေးခွဲခြားမှုတွေ မပြုဘဲ လူသားချင်းစာနာမှု၊ လူ့ဂုဏ်သိက္ခာကို အသိအမှတ်ပြုမှုတွေ ပြသလို သူတို့နဲ့ ထိုက်တန်တဲ့ အခွင့်အရေးတွေ ပေးအပ်တာ၊ အေးချမ်းစွာ လုပ်ကိုင် စားသောက် ရှင်သန်ခွင့်တွေ၊ ဘဝလုံခြုံမှုတွေ အာမခံချက်တွေ ရှိအောင်၊ လူလူချင်း အနိုင်ကျင့် ဗိုလ်ကျမှုတွေက လွတ်မြောက်အောင် ဆောင်ရွက်ပေးတာ ကိုယ်ကျင့်သီလအပေါ် အခြေပြုတဲ့ ပညာရေးစနစ် (Morale Based Education System) စတာတွေ ပါဝင်ပါတယ်။    ဒီလို ဆောင်ရွက်တာဟာ အကြမ်းဖက်ဝါဒကို အမြစ်မပွားအောင် တားဆီးခြင်း မည်သလို လူ့အဖွဲ့အစည်းကို မျှခြေမှာ တည်လို့ ငြိမ်းချမ်းသာယာဖွံ့ဖြိုး လာစေနိုင်ပါတယ်။    ဒီဆောင်းပါးကို နိဂုံးသပ်ရရင် လူမျိုးစုံ၊ ဘာသာစုံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေနိုင်အောင် အကြမ်းဖက်ဝါဒကို ရင်ဆိုင်ရာမှာ အမာနည်း၊ အပျော့နည်း ၂ မျိုးစလုံး ဟန်ချက်ညီညီ ပေါင်းစပ်ပြီးတော့ သီလပေါ်အခြေပြုထားတဲ့ အာဏာစက်၊ ဓမ္မစက် ကမ္ဘာစောင့်တရားတွေဖြစ်တဲ့ ဗြဟ္မစိုရ်တရား လေးပါး၊ အစွန်းတရား လွတ်တဲ့ အတွေးအခေါ် အသိတရား၊ ကိုယ်ချင်းစာတရား၊ ဉာဏ်အမြော်အမြင် ဦးစီးမှု၊  တရားဥပဒေ စိုးမိုးအောင်  ဆောင်ရွက်ခြင်း စတာတွေနဲ့ မျှခြေမှာ တည်နိုင်ဖို့ ယဉ်ကျေးတဲ့ လူသားတွေပီပီ အမြော်အမြင်ကြီးစွာနဲ့  ဖြေရှင်းသင့်ပါကြောင်း ဆွေးနွေး အကြံပြုလိုပါတယ်။    အများအားဖြင့် လူတွေက မာကျောအာဏာ (Hard Power) နဲ့  ပျော့ပျောင်းအာဏာ (Soft power) တွေရဲ့ အနှစ်သားကို အပြည့်အဝ အမြင်မရှင်းဘဲ ရောထွေးနေတတ်ပါတယ်။    အထူးသဖြင့် မာကျောအာဏာ (Hard Power) ဆိုတာ လက်နက်အင်အား၊ ဓနအင်အား ပိုင်ဆိုင်တာလို့ ပါးပါးလေးနဲ့ လွဲမှားတတ်ကြပါတယ်။    ဥပမာပေးရရင် သိုင်းပညာတတ်သူ၊ စစ်ပညာတတ်သူတယောက်ဟာ တုတ်၊ ဓား၊ သေနတ်တွေ ကိုင်ဆောင် ပိုင်ဆိုင်ရုံနဲ့ သူ့မှာ Hard Power ရှိသူလို့ သတ်မှတ်ရင် မပြည့်စုံပါဘူး။ အဲဒီသိုင်းသမားနဲ့ စစ်သည်တော်ဟာ သူ တတ်တဲ့ သိုင်းပညာနဲ့ ကိုင်ဆောင်ခွင့်ရတဲ့ လက်နက်တွေနဲ့ ကိုယ်ကျိုးအတွက် လူတွေကို အနိုင်ကျင့် ဗိုလ်ကျမယ်ဆိုရင် သိုင်းသမားဆိုး စစ်အာဏာရှင်ဆိုးသာ ဖြစ်တာမို့ တကယ့် Hard Power ကို ပိုင်ဆိုင်တယ်လို့ မဆိုနိုင်တော့ပါဘူး။ လူတွေရဲ့ မုန်းတီးမှုတွေခံရပြီး နိဂုံးမကောင်း သမိုင်းမကောင်းနဲ့ ဇာတ်သိမ်းရတာပါပဲ။ မိမိတတ်တဲ့ သိုင်းပညာ၊ စစ်ပညာ စစ်လက်နက်တွေကို အများပြည်သူ ငြိမ်းချမ်းစွာနေနိုင်ဖို့ အချိန်အဆ မှန်ကန်စွာ ဘက်မလိုက်ပဲ အသုံးပြုတတ်သူတွေသာ Hard Power အကျိုးရှိရှိ အသုံးချတတ်သူ ပိုင်ဆိုင်သူလို့ သတ်မှတ်နိုင်ပါလိမ့်မယ် ကမ္ဘာ့နိုင်ငံ ခေါင်းဆောင်တချို့တောင် သဘောမပေါက်နိုင်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခက်အခဲဆုံး ကြိုးပမ်းနေရတဲ့ (Soft Approach) ကတော့ ရာစုနှစ် တဝက်ကျော်တိုင်တိုင် အင်အားသုံး အနိုင်ကျင့် ဗိုလ်ကျတဲ့ဓလေ့ကို အားသန်တဲ့ စစ်အာဏာရှင် အဆက်ဆက်အောက်မှာ ကြီးပြင်းလာရင်း အတွေးအခေါ် အဆိပ်သင့်ခံခဲ့ရလို့ ခံယူချက် အကျင့်အကြံဟောင်းတွေကို မပြင်နိုင်သေးတဲ့သူတွေ၊ အပြောင်းအလဲ မလိုက်ပါလိုတဲ့ "ဟင့်အင်း" ဆိုသူတွေကို အဆိပ်ဖြေပေးခြင်း (Neutralization) လုပ်ပြီး ကုသနေရတဲ့ အလုပ်ပါပဲ။ သူမအနေနဲ့ သူမအနီးအပါးက Hard Power ကို အခြေခံဥပဒေအရ ကိုင်စွဲခွင့်ရသူတွေမှာ သင့်နေတဲ့ အကြမ်းဖက် ဖြေရှင်းမှုကို အားသန်တဲ့ အဆိပ်ကို အရင်ဦးစွာ ဖြေပေး (Neutralize) နေရတဲ့အပေါ် လူတွေက နားမလည်မှု မပေးနိုင်ကြတာပါပဲ။ ဒီကနေ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အားထုတ်မှုဖြစ်တဲ့ မာကျောအာဏာ (Hard Power) နဲ့ ပျော့ပျောင်းအာဏာ (Soft power) နှစ်မျိုးပေါင်းကို အချိန်အဆမှန်မှန် သုံးနိုင်ဖို့ ကြိုးပမ်းနေရာမှာ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံရဲ့ အားနည်းချက်ကြောင့် အကန့်အသတ်ရှိနေတာကို ကမ္ဘာ့နိုင်ငံတချို့က နားလည်မှု မပေးနိုင်ကြပါဘူး။ မပြီးသေးတဲ့ ပန်းပုရုပ်တုကို အပြစ်အနာအဆာ ထောက်ပြနေသလိုပါပဲ။ ရှုထောင့်အမျိုးမျိုး၊ ရပ်တည်ချက်အမျိုးမျိုးနဲ့ ဘယ်သူတွေ ဘယ်လိုပဲ အပြစ်တင်နေပေမယ့် သူမဟာ သူ မယုံကြည်တဲ့ လမ်းအတိုင်း မတွေဝေ မတိမ်းစောင်းဘဲ ဆက်လျှောက်နေတာဟာ လူသားတွေရဲ့ သမိုင်းမှာ ပေါ်ထွန်းဖို့ ခဲယဉ်းပြီး အကြမ်းဖက်ဝါဒ သဘောတရားကို အဆိပ်ဖြေပေးနိုင်မယ့် ပျော့ပျောင်းအာဏာ (Soft Power) အသစ်တမျိုး ပေါ်ထွက်လာဖို့ အလားအလာ ရှိတာမို့ ကမ္ဘာကြီးအတွက် ကောင်းမြတ်တဲ့ လက္ခဏာပဲ ဖြစ်ပါတယ်။      မင်းကောင်းချစ် အောက်တိုဘာလ (၇) ရက်နေ့  ၂၀၁၇ ခုနှစ်  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024