ပလောက်မြို့တွင် စကားများ ရန်ဖြစ်ရာမှ လူသတ်မှု ဖြစ်ပွား
DVB
·
October 19, 2017
ပလောက်မြို့၊ ပြည်ခြားကျေးရွာအုပ်စု၊ ကထောင်းနီကျေးရွာမျာ စကားများ ရန်ဖြစ်ရာက ဓားထိုးမှုဖြစ်ပြီး တဦး သေဆုံးသွားတယ်လို့ သိရပါတယ်။
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ပလောက်မြို့၊ ပြည်ခြားကျေးရွာအုပ်စု၊ ကထောင်းနီကျေးရွာမှာ အောက်တိုဘာ ၁၇ ရက်က ပြင်းဘုကြီးကျေးရွာက ကျွဲကျောင်းဖို့ ရောက်ရှိနေတဲ့ ဂျပန်(ခ)ဦးမြင့်သိန်းက ငါးပိုက်ထောင်နေသူ စောတကရောကရော(ခ)စောဝေးလ်ဘာကို ကျွဲတွေ လန့်ပြေးအောင် လုပ်တယ်လို့ ဆဲဆိုပြီး ရန်ဖြစ် စကားများရာက စောဝေးလ်ဘာက ဂျပန်ကို ဓားနဲ့ ထိုးလိုက်တာလို့ မျက်မြင်ဖြစ်သူ ယာတဲပိုင်ရှင် ဦးမင်းထွေးနိုင်က ပြောပါတယ်။
ပလောက်နယ်မြေရဲကင်းမှူး ရဲအုပ်ဝဏ္ဏက “စောဝေးလ်ဘာက ချောင်းထဲမှာ ငါးထောင်ထားတဲ့ ပိုက်ကို သိမ်းဖို့သွားတာ ကျွဲတွေနားက ဖြတ်သွားရတော့ ကျွဲတွေက လန့်ပြီး ထွက်ပြေးကြတယ်။ ဂျပန်က သူ့ရဲ့ကျွဲတွေ လန့်ပြေးတာကို စောဝေးလ်ဘာက လန့်အောင် လုပ်တယ်ဆိုပြီး ဆဲဆိုခဲ့တယ်။ ဒီလူနှစ်ဦးစလုံးက အရက်မူးနေကြတယ်။ ဒီလို စကားများ ရန်ဖြစ်ရာကနေ စောဝေးလ်ဘာက သူ့မှာပါတဲ့ဓားနဲ့ ထိုးလိုက်တာပါ။ ဖြစ်စဉ်ဖြစ်ပြီး သူ့အိမ်ကို ပြန်သွားတယ်။ ကျနော်တို့ သွားဖမ်းတော့ ထွက်ပြေးခြင်းမရှိဘဲ အဖမ်းခံခဲ့တယ်” လို့ ပြောပါတယ်။
ပလောက်နယ်မြေရဲစခန်းက စောဝေးလ်ဘာကို ရာဇသတ်ကြီးပုဒ်မ-၃၀၂ နဲ့ အရေးယူ ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။
သတင်း - မြတ်ထွဋ် (မြိတ်)