နှစ်သင်းပေါင်း ၆ ဂိုးသွင်းပြီး ချဲလ်ဆီးနှင့် ရိုးမား သရေကျ (ရုပ်သံဟိုက်လိုက်)
Published By
DVB | 19 October, 2017
516
0
Share
0
Comment
0
Likes
မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ချန်ပီယံလိဂ် အုပ်စု စီက ချဲလ်ဆီးနဲ့ ရိုးမားတို့ ပွဲစဉ်မှာ တဘက် ၃ ဂိုးစီသွင်းပြီး သရေကျသွားပါတယ်။
ချဲလ်ဆီးအသင်းဟာ တိုက်စစ်မှာ မိုရာတာနဲ့ ဟာဇက်ကို တွဲပြီး ကျန် အဓိက ကစားသမား အစုံအလင်နဲ့ ပွဲထွက်ခဲ့ပါတယ်။
ရိုးမားကလည်း အထောင်တိုက်စစ်မှူးအဖြစ် ဒီဇက်ကို ကို အသုံးပြုခဲ့ပြီး ကျန် အဓိက ကစားသမားတွေနဲ့ ဝန်းရံခဲ့ပါတယ်။
ပွဲချိန် ၁၁ မိနစ်မှာပဲ ချဲလ်ဆီးနောက်ခံလူ ဒေးဗစ်လူးဝစ္စက ရိုးမားပယ်နယ်တီ ဘီးကုပ်ထိပ်ကနေ အပြင်းကန်သွင်းပြီး အဖွင့်ဂိုး ရယူပေးခဲ့ပါတယ်။
ပွဲချိန် ၃၇ မိနစ်မှာ မိုရာတာရဲ့ ဖန်တီးပေးပို့မှုကို ဟာဇက်က ပိတ်သွင်းပြီး ချဲလ်ဆီး ဒုတိယဂိုး ရခဲ့ပါတယ်။
ရိုးမားအတွက် ချေပဂိုး တဂိုးကို ပွဲချိန် မိနစ် ၄၀ မှာ ကိုလာရော့ဗ်က သွင်းယူပေးခဲ့လို့ ပထမပိုင်းအပြီးမှာ ချဲလ်ဆီးက ၂ ဂိုး ၁ ဂိုးနဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။
ရိုးမားဟာ ဒီပွဲစဉ်မှာ ဘောလုံးပိုင်ဆိုင်မှု ၆၀ ရာခိုင်နှုန်းအထိ ရယူနိုင်ခဲ့ပြီး ဂိုးကန်သွင်းခွင့်မှာတော့ နှစ်သင်း မတိမ်းမယိမ်း ရှိခဲ့ပါတယ်။
ပွဲချိန် ၆၄ မိနစ်နဲ့ မိနစ် ၇၀ တွေမှာ ရိုးမား တိုက်စစ်မှူး ဒီဇက်ကိုက နှစ်ဂိုးဆက်သွင်းပြီး ပွဲကို ဦးဆောင်ခဲ့ပေမယ့် ၇၅ မိနစ်မှာ ဟာဇက်က တဂိုးပြန်ချေပခဲ့လို့ ပွဲအပြီးမှာ တဘက် ၃ ဂိုးစီ သရေကျသွားပါတယ်။
မနေ့ညကပဲ ယှဉ်ပြိုင်သွားတဲ့ အုပ်စု စီ တခြားပွဲစဉ် အဇာဘိုင်ဂျန်ကလပ် ကာရာဘတ်နဲ့ စပိန် လာလီဂါကလပ် အက်သလက်တီကိုတို့ ပွဲစဉ်မှာတော့ တဘက်နဲ့တဘက် ဂိုးမသွင်းနိုင်ဘဲ ဂိုးမရှိသရေကျသွားပါတယ်။
အုပ်စု စီ က သုံးပွဲစီ ယှဉ်ပြိုင်အပြီးမှာတော့ ချဲလ်ဆီးက ရမှတ် ၇ မှတ်နဲ့ ထိပ်ဆုံးက ဦးဆောင်ထားနိုင်ပြီး ရိုးမားက ၅ မှတ်နဲ့ အုပ်စု ဒုတိယ၊ တီကိုက ၂ မှတ်နဲ့ တတိယ၊ ကာရာဘတ်က ၁ မှတ်နဲ့ အုပ်စု အောက်ဆုံးမှာ ရပ်တည်နေပါတယ်။