Home
မြန်မာသတင်း
နေပြည်တော် - ရန်ကုန် အစုန်ရထား ဘီးချော်မှုဖြစ်
DVB
·
October 18, 2017
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ်မှာ အောက်တိုဘာ ၁၇ ရက် နေ့လယ် ၁ နာရီကျော်က အတွဲ ၁၆ တွဲပါ နေပြည်တော်-ရန်ကုန်ရထား ဘီးချော်ကျမှု ဖြစ်ပွားခဲ့ပါတယ်။ နေပြည်တော်မှ ရန်ကုန်ကို စက်ခေါင်းမောင်း ဦးမျိုးထိုက်ဦး၊ အကူစက်ခေါင်းမောင်း ဦးအောင်ဇော်ထွန်း၊ ရထားတွဲထိန်း ဦးထွန်းမင်းလတ်တို့ မောင်းနှင်လာတဲ့ အမှတ် ၃၂ အစုန် နေပြည်တော်-ရန်ကုန် အမြန်ရထားဟာ ပိန်းဇလုတ်မြို့အရောက် ရန်ကုန်-မန္တလေး မီးရထားလမ်း ကြေးနန်းမိုင်တိုင်အမှတ် (၁၀၁/၂၄) နဲ့ (၁၀၁/၂၅) ကြားမှာ သံလမ်းရဲ့အတွင်းဘက်ကို ချော်ကျသွားခဲ့တာပါ။ ညောင်လေးပင်မြို့နယ် ရုံပိုင်ကြီး ဦးစန်းဌေးက “ရထားပေါ်ပါလာတဲ့ ခရီးသည်တွေကတော့ ကျနော်တို့ အကောင်းဆုံးနည်းတွေနဲ့ လုပ်ပေးထားပါတယ်။ အဲဒီအတွဲမှာ ချော်တဲ့ခရီးသည်တွေကတော့ သူတို့အစီအစဉ်နဲ့ မစောင့်နိုင်တဲ့သူက ကားနဲ့သွားတာပေါ့။ အဲဒီအတွဲက ကျန်ခဲ့တဲ့သူကို အဲဒီအတွဲကို ထားခဲ့ရမယ်ဆိုရင် သူ့အနောက်မှာရှိတဲ့ နေရာလွတ်တွေဆီ ကျနော်တို့ နေရာချပေးပါတယ်။ ခု တွဲချော်တဲ့ နောက်ပိုင်းကို ဟိုဘက်ဘူတာကို ဆွဲမယ်။ အရှေ့ပိုင်းကို ညောင်လေးပင်ဘူတာဘက်ကို ဆွဲမယ်။ ပြီးမှ ပြန်ပေါင်းပြီး ရန်ကုန်ဘက်ကို ပြန်ထွက်မယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။ ဘီးချော်ကျမှုကြောင့် မီးရထားအစုန်လမ်းကို နေ့လယ် ၁ နာရီခွဲလောက်က ပိတ်ထားခဲ့ရပြီး မီရထားအဆန်လမ်းမှာ ပုံမှန်သွားလာနေတယ်လို့ ဆိုပါတယ်။ ရထားတွဲ ဘီးချော်ကျခဲ့တဲ့အတွက် ခရီးသည်တွေ ထိခိုက်ဒဏ်ရာ ရရှိတာမျိုးမရှိဘဲ ကျန်နေတဲ့တွဲဆိုင်းတွေကို ချိတ်ဆက်ပြီး ညနေ ၅ နာရီကျော်မှာ ဆက်လက်ထွက်ခွာနိုင်ခဲ့ပြီး ဘီးချော်ကျတဲ့ တွဲဆိုင်းကိုတော့ ညနေ ၆ နာရီလောက်မှာ အစုန်လမ်းပေါ်ကို ပြန်လည်ဆွဲတင်နိုင်ခဲ့တယ်လို့ သိရပါတယ်။ သတင်း၊ ဓာတ်ပုံ - နေလင်းထိုက်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024