Home
မြန်မာသတင်း
ဂျပန်ပြည်သူများ လှူဒါန်းသော ကျောင်းဆောင်သစ်အား ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်
DVB
·
October 18, 2017
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ် ငါးပြေမကျေးရွာမှာ ဂျပန်ပြည်သူတွေ ဆောက်လုပ်လှူဒါန်းတဲ့ ကျောင်းဆောင်သစ်ကို အောက်တိုဘာ ၁၈ ရက် မနက် ၁၀ နာရီက ဖွင့်ပွဲအခမ်းအနားနဲ့ ပညာရေးဌာနကို လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ မြို့နယ်ပညာရေးဌာန တာဝန်ရှိသူတဦးက ပြောပါတယ်။ ဂျပန်-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေး ဆတက်ထမ်းပိုး တိုးတက်ခိုင်မာရေးအတွက် ငါးပြေမကျေးရွာ အ.ထ.က(ခွဲ) ကျောင်းရှိ အလျား ၁၈၀ ပေ၊ အနံ ၃၀ ပေ၊ အမြင့် ၁၄ ပေ၊ ၆ ခန်းတွဲ အာစီတထပ် ကျောင်းဆောင်သစ်ကို အမေရိကန်ဒေါ်လာ ၉၄,၉၃၇ အကုန်အကျခံကာ ဂျပန်နိုင်ငံမှ ပြည်သူတွေက ဆောက်လုပ်လှူဒါန်းပေးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားမှာ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ တတိယအတွင်းဝန် မစ္စ အတ်ဆူကို ကူဆူနိုဆဲ (Ms.Atsuko Kusunose) က "ဂျပန်နိုင်ငံဟာ အရင်ကတည်းက ကျောင်းပညာရေးကို အဓိကကျတယ်လို့ သတ်မှတ်ပြီး ပညာရေးကို အထူးအလေးပေး ဆောင်ရွက်ခဲ့ပါတယ်။ ကျမတို့ဟာ မိမိတို့ပြည်ရဲ့ အတွေ့အကြုံတွေကို အခြေခံပြီး မြန်မာနိုင်ငံရဲ့ ပညာရေးကဏ္ဍကို ထောက်ပံ့ကူညီပေးဖို့အတွက် အခုအချိန်အထိ ကျောင်းပေါင်း ၄၀၀ ကျော်မှာ ကျောင်းဆောင်တွေ ဆောက်လုပ်ခြင်းနဲ့ ပြုပြင်ခြင်းလုပ်ငန်းတွေကို ဆောင်ရွက်ခဲ့ပါတယ်။ မြန်မာပြည်သူတွေရဲ့ ပညာရေးကဏ္ဍ လိုအပ်ချက်မြင့်မားမှု၊ အရေးပါမှုတွေကြောင့် ဂျပန်အစိုးရအနေနဲ့လည်း ဆက်လက်ပြီး ဒီကဏ္ဍကို အလေးထား ကူညီထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်” လို့ ပြောကြားသွားပါတယ်။ ဂျပန်-မြန်မာ ချစ်ကြည်ရေး တထပ်ကျောင်းဆောင်သစ် ပေးအပ်ပွဲကို ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်ရင်၊ ပဲခူးတိုင်းစည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဦးမောင်မောင်လွင်၊ တိုင်း/ခရိုင် ပညာရေးဌာနမှ တာဝန်ရှိသူတွေ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတွေ၊ ရပ်မဖိရပ်ဖတွေနဲ့ ဒေသခံပြည်သူတွေ တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြတယ်လို့ သိရပါတယ်။ သတင်း - နေလင်းထိုက်

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024