Home
မြန်မာသတင်း
မောင်တောတွင် ၂ ရက်အတွင်း  စိတ်ကြွဆေးပြား ကျပ်သိန်းပေါင်း ၂၈၀၀၀ ကျော်ဖိုး ဖမ်းမိ
DVB
·
October 18, 2017
ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ ၂ ရက်အတွင်း ကျပ်သိန်းပေါင်း ၂၈၀၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြားတွေ ဖမ်းဆီးမိခဲ့တယ်လို့ ခရိုင်ရဲတပ်ဖွဲ့မှ သိရပါတယ်။ ခရိုင်ရဲတပ်ဖွဲ့မှူး ဦးဆောင်တဲ့ ပူးပေါင်းအဖွဲ့ဟာ ဒီနေ့မနက်ပိုင်းက မောင်တောမြို့၊ မြို့ဝင်ဂိတ်တံတားမှာ ဘူးသီးတောင်မြို့ကနေ မောင်တောမြို့ကို လာတဲ့ Nissan အမျိုးအစား အနက်ရောင်ယာဉ်ကို ရပ်တန့်စစ်ဆေးရာ ယဉ်နောက်ခန်းမှာ အံဝှက်လုပ်ပြီး သယ်ဆောင်လာတဲ့ ဆာလာအိတ် ၄ အိတ်ထဲ ထုပ်ထားတဲ့ WY/R စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြားတွေကို ဖမ်းဆီးရမိခဲ့တာပါ။ အဲ့ဒီကားကို မောင်းလာတဲ့ မင်းအောင်နိုင်က ထွက်ပြေးသွားခဲ့ပြီး ယာဉ်နောက်လိုက် စံထွန်းစိန်နဲ့ ယာဉ်ပေါ်ပါလာသူ ဦးလှမောင်(ခ)အလှတို့ကို မောင်တောမြို့မရဲစခန်းကို ခေါ်ယူစစ်ဆေးနေပါတယ်။ ဆာလာအိတ် ၄ အိတ်ထဲမှာ မှိုင်းခံစက္ကူနဲ့ ထုပ်ထားတဲ့ WY/R စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား တထုပ်လျှင် ၉၀ ထုပ်၊ စုစုပေါင်းဆေးပြား ၉၅၅၅၀၀၊ ဒေသတန်ဖိုး ကျပ်သန်းပေါင်း ၁၉၁၁ ကျော်ဖိုး ဖမ်းမိခဲ့တာပါ။ ဆေးပြားတွေနဲ့အတူ ဖမ်းဆီးရမိသူတွေကို မောင်တောမြို့မရဲစခန်းမှာ အမှုဖွင့် စစ်ဆေးနေတယ်လို့ မောင်တောခရိုင်ရဲတပ်ဖွဲ့က သိရပါတယ်။ မောင်တောမြို့ အမှတ် ၅ ရပ်ကွက်မှာ မနေ့ အောက်တိုဘာလ ၁၇ ရက်နေ့ ညနေပိုင်းကလည်း ကျပ်သိန်းပေါင်း ၉၇၅ဝ တန်ဖိုးရှိ စိတ်ကြွဆေးပြားတွေ ဖမ်းမိခဲ့ပါတယ်။ ခရိုင်နဲ့မြို့နယ်ရဲတပ်ဖွဲ့က လှည့်ကင်းတာဝန် ဆောင်ရွက်နေချိန် မောင်တောမြို့ ၅ ရပ်ကွက် လမ်းမပေါ်မှာ ရပ်ထားတဲ့ Hi-Jet အမျိုးအစား ကားအဖြူရောင်တစီးတွေ့လို့ စစ်ဆေးတဲ့အခါ ကားရှေ့ခန်းက အဖြူရောင်အိတ်ထဲမှာ စိတ်ကြွဆေးပြားတွေ တွေ့ရှိတဲ့အတွက် ဖမ်းဆီးစစ်ဆေးခဲ့ တာပါ။ မောင်တောမြို့မရဲစခန်းမှာ ဖွင့်ဖောက်စစ်ဆေးတဲ့အခါ ကျပ်သိန်း ၉၇၅ဝ တန်ဖိုးရှိ ဆေးပြား ၄၈၇၅ဝဝ နဲ့အတူ ကားပေါ်မှာ တွေ့ရှိရတဲ့ ညီညီကို ခေါ်ယူစစ်ဆေးနေတယ်လို့ ရဲတပ်ဖွဲ့က သိရပါတယ်။ သတင်း - ကိုအောင်၊ ဓာတ်ပုံ-ရဲတပ်ဖွဲ့
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024