Home
မြန်မာသတင်း
ရေချိုငါးဖမ်းဥပဒေသစ် တရားဥပဒေစိုးမိုးရေး အထောက်ကူဖြစ်ရန်လို
DVB
·
October 18, 2017
ရေချိုငါးဖမ်းဥပဒေသစ်ကို ပြင်ဆင်ရေးဆွဲရာမှာ တရားဥပဒေစိုးမိုးရေးကို အထောက်အကူ ပြုစေမယ့် ဥပဒေဖြစ်ဖို့လိုမယ်လို့ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သယံဇာတရေးရာကော်မတီဥက္ကဋ္ဌ ဦးစန်းမောင်က ပြောပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၁၂ ခုနှစ် ရေချိုငါးဖမ်းဥပဒေကိုသာ ကျင့်သုံးနေပြီး ၂၀၁၇ ခုနှစ် ရေချိုငါးဖမ်းဥပဒေသစ်ကို ရေးဆွဲဖို့ အောက်ခြေငါးလုပ်ငန်းရှင်တွေနဲ့ ဆွေးနွေးမှုတွေ လုပ်နေတာပါ။ ရေချိုငါးဖမ်းလုပ်ငန်းဥပဒေသစ်မှာ ၂၀၁၂ ခုနှစ် ရေချိုငါးဖမ်းဥပဒေရဲ့ အားနည်းချက်တွေကို ပြင်ဆင်ပြီး၂၀၁၇ ရေချိုငါးဖမ်းဥပဒေကို ပြင်ဆင်ရေးဆွဲနေတာဖြစ်ကြောင်း၊ လက်ရှိရေးဆွဲမယ့် ဥပဒေဟာ ငါးသယံဇာတကို မပျက်စီးစေဘဲ၊ ရေသယံဇာတ ငါးသယံဇာတကို မျှမျှတတဖြစ်ဖို့ ရေးဆွဲမှာဖြစ်တယ်လို့ ဦးစန်းမောင်က ပြောပါတယ်။ အရင်ဥပဒေရဲ့အားနည်းမှုတွေကြောင့် အင်းလုပ်ငန်းမှာ ပဋိပက္ခဖြစ်ပွားတာတွေ များနေပြီး၊ အခုဥပဒေကတော့ တနိုင်တပိုင် လုပ်ကိုင်သူတွေပါ လုပ်ကိုင်ခွင့်ရမှာဖြစ်လို့ ပဋိပက္ခတွေ လျော့နည်းလာမယ်လို့လည်း ဆွေးနွေးသွားပါတယ်။ မြန်မာနိုင်ငံမှာ ဧရာဝတီတိုင်းဟာ ငါးလုပ်ငန်း အများဆုံးလုပ်ကိုင်တာဖြစ်ပြီး ရေချိုအင်းပေါင်း ၁၇၇၀ ကျော်ရှိပါတယ်။ မအူပင်ခရိုင်က အင်းပေါင်း ၆၅၀ ကျော်မှာ အင်းပေါင်း ၂၀၀ ကျော်ကို အစုအဖွဲ့တင်ဒါစနစ်နဲ့ ရောင်းချထားပြီး လုပ်သား ၁ သိန်းကျော် အလုပ်လုပ်ကိုင်နေတယ်လို့ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနက ပြောပါတယ်။ ရေချိုငါးလုပ်ငန်းဥပဒေပြင်ဆင်ရေးဆိုင်ရာ ပြည်သူ့အသံကြားနာပွဲကို မအူပင်မြို့နယ် ထွန်းရွှေဝါခန်းမမှာ အောက်တိုဘာလ ၁၇ ရက်နေ့က ကျင်းပခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်တွေ၊ အစိုးရတာဝန်ရှိသူတွေ၊ ရေချိုငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူတွေ တက်ရောက်ကြပါတယ်။ လက်ရှိဝန်ကြီးဌာနက ရေးဆွဲထားတဲ့ ရေချိုငါးဖမ်းဥပဒေကြမ်းမှာ အခန်းပေါင်း ၁၅ ခန်းရှိပြီး ခရိုင်မြို့နယ်တွေမှာ ပြည်သူလူထုနဲ့တွေ့ဆုံပြီး ကြားနာပွဲတွေ ဆောင်ရွက်နေတာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024